Thursday 21 March 2013

မိတ္ထီလာမြို့မှ ပဋိပက္ခများ ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင်အား တိုးမြှင့်ထားဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား



ရန်ကုန်၊ မတ်-၂၁

မိတ္ထီလာမြို့တွင် ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် မတ်လ ၂၀ ရက် ညမှစ၍ မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုကိုပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး နေပြည်တော်နှင့် မန္တလေးတစ်ဝိုက်မှ ရဲ၊ လုံခြုံရေး တပ်ရင်းနှစ်ရင်းဖြင့် မြို့ပေါ်ရှိ လုံခြုံရေးအင်အား ကို ထပ်မံဖြည့်တင်းလိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
မတ်လ ၂၀ ရက်တွင် စတင်ဖြစ်ပွားခဲ့သော ရွှေဆိုင်မှ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြသည့် ပိုင်ရှင် ဦးထွန်းထွန်း၊ ၎င်း၏ ဇနီး ဒေါ်မြင့်မြင့်အေးနှင့် ဆိုင်လုပ်သား မင်းအောင်ခေါ် ညီညီတို့အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မများနှင့် အမှုဖွင့်ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း ၎င်းက ပြောသည်။ ထိုပဋိပက္ခကြောင့် သံဃာတစ်ပါး မီးလောင်ဒဏ်ရာနှင့် ပျံလွန်တော်မူ၍ အမျိုးသားသုံး ဦးသေဆုံး ကာ ဆေးရုံတွင် ဒဏ်ရာရလူနာ ၂၀ ဦး စာရင်းရရှိထားကြောင်း ၎င်းက အတည်ပြုပြောသည်။

လက်ရှိအချိန်တွင် မိတ္ထီလာမြို့အခြေအနေမှာ လုံခြုံရေးအခြေအနေ နည်းပါးနေပြီး တာဝန်ရှိသူများ၏ ပဋိပက္ခအပေါ် ကိုင် တွယ်ဖြေရှင်းမှု အားနည်းနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသည့်အပေါ် ဦးရဲထွဋ်က "ဒီနေ့လည်း အခြေအနေကို ထိန်း သိမ်းနိုင်ဖို့ ရဲရော၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာနရော၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေရော၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းက လူတွေရော ၀ိုင်းဝန်းလုပ်ဆောင်နေပါတယ်။ ဒီနေ့ ညနေပိုင်းမှာ အထက်ကို တင်ပြအတည်ပြုပြီးရင် သတင်းလည်း ထုတ်ပြန်ပါ မယ်" ဟု ပြောကြားသည်။

လုံခြုံရေးအင်အားအရေအတွက်ကို လတ်တလောတွင် ၎င်းအနေဖြင့် အတည်ပြုပြောနိုင်ခြင်း မရှိသေးဘဲ ပဋိပက္ခဖြစ်ပွား ရာ နေ ရာရှိ ဒေသခံများအနေဖြင့် ကောလာဟလများကို မယုံကြည်ရန်နှင့် မိတ္ထီလာမြို့အနီးတစ်ဝိုက် ရှိ ကျေးရွာများမှ ပြည်သူများ အနေဖြင့် လည်း ကောလာဟလများကြောင့် မြို့ပေါ်တက်လာခြင်း၊ လူအုပ် စုဝေးခြင်းများ မပြုလုပ်ကြခြင်းဖြင့် တာဝန်ကျ လုံခြုံရေး များ ကို ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ဦးရဲထွဋ်က ပြောကြားထားသည်။

"သာမန်ဈေးဆိုင်နဲ့ ဈေးဝယ်ဖြစ်တဲ့ကိစ္စ၊ ရဲကလည်း အရေးယူထားပြီးသားကိစ္စကို ကောလာဟလတွေ ဖြန့်ပြီးတော့မှ ပဋိပက္ခကို ကြီးသထက်ကြီးအောင် လုပ်တာကတော့ လုံးဝမဖြစ်သင့်တဲ့ ကိစ္စလို့ပဲ ထင်ပါတယ်" ဟု ၎င်းက ပြောသည်။

မိတ္ထီလာမြို့တွင် ဖြစ်ပွားနေသော ပဋိပက္ခမှာ ယနေ့မွန်းလွဲ ၃ နာရီခွဲအချိန်ထိ ထိန်းသိမ်းနိုင်ခြင်းမရှိသေးဘဲ ထိုမြို့ရှိ အောင်ဇေ ယျရပ် ကွက်ရှိ နေအိမ်များ မီးလောင်လျက်ရှိပြီး မြို့ခံအချို့မှာ အခြားဒေသများသို့ ရွှေ့ပြောင်းနေကြသူများရှိကြောင်း မိတ္ထီလာမြို့ရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။
 
ref:7daynews

No comments:

Post a Comment