Saturday 22 December 2012

လက်ပန်းတောင်းတောင်အကြမ်းဖတ်မူစုံစမ်းစစ်ဆေးရေး ကော်မရှင်က ယနေ့ သတင်းထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စုံစမ်း စစ်ဆေးရေးကော်မရှင် သတင်းထုတ်ပြန် ချက်အမှတ်(၃/၂ဝ၁၂)၁၃၇၄ခုနှစ်၊ နတ်တော် လဆန်း ၈ရက်(၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်)
၁။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာ အမှတ် (၉၅/၂၀၁၂)ဖြင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဥက္ကဌအပါအဝင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်း တာဝန်ပေး အပ်ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တို့သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ မှ ၁၅ ရက်နေ့ အထိ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်း လေ့လာမှုတို့ကို ပြုလုပ်ခဲ့ပါသည်။
၂။ ထိုသို့ကွင်းဆင်းလေ့လာမှု ပြုလုပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံ တောင်း တောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်းစုံစမ်းခဲ့သည့်အပြင် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်နှင့် မြန်မာ-ယမ်စီကော့ပါး လီမိတက်တို့မှ လုပ်ဆောင်ဆဲရှိသော စပယ်တောင် နှင့် ကြေး စင်တောင်တို့၏ သတ္တုတွင်း လုပ်ငန်းများကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

ထို့အပြင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် မိုးကြိုး ဆာလ်ဖျူရစ်အက်စစ်စက်ရုံကိုလည်း ကွင်းဆင်း စစ်ဆေး ခဲ့ပါသည်။


 စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များသည် ဒေသခံကျေးရွာလူထု၏ ခံစားချက်များ၊ ပြည်သူ့ အသံများ ပါဝင် စေရန် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာများသို့ သွားရောက် ၍ ကျေးရွာ လူထုများနှင့် တွေ့ဆုံခဲ့ပါသည်။၎။ ဤ လုပ်ငန်းများကို ဒေသခံ ကော်မရှင်အဖွဲ့ဝင် ၃ ဦးပါ ဝင်သော အဖွဲ့များဖွဲ့စည်း၍ ကော်မရှင်အဖွဲ့ဝင်များက စုံညီစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

၅။ ကော်မရှင်အဖွဲ့ဝင်များသည် မန္တလေးမြို့တွင် ထေရဝါဒဗုဒ္ဓသာသနာ့ အနွယ်ဝင် သက်တော်ရှည် သံဃနာယက အဖွဲ့ဝင်ဆရာတော်ကြီးများအားလည်းကောင်း၊ မုံရွာမြို့တွင် လယ်တီကျောင်းတိုက်ကြီးများမှ ဆရာတော်ကြီးများ အားလည်းကောင်း တွေ့ဆုံဖူးမြော်လျှောက်ထား ဩဝါဒခံယူခဲ့ကြပါသည်။

 ထိုဆရာတော် ကြီးများထံမှ လည်းကောင်း၊ သုတေသီပုဂ္ဂိုလ်များထံမှလည်းကောင်း၊ ပထမလယ်တီ ဆရာတော်ဘုရားကြီးနှင့် လက်ပံတောင်း တောင်တို့ ဆက်နွှယ်မှု အချက်အလက် တို့ကို မေးမြန်းရယူ ခဲ့ကြ ပါသည်။

၆။ မုံရွာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ မီးလောင်ဒဏ်ရာဖြင့် မန္တလေးမြို့ အထွေထွေရောဂါ ကုသမှုဆေးရုံကြီးတွင် လည်းကောင်း ၊ ကန်တော်နဒီဆေးရုံးကြီးတွင် လည်းကောင်း ဆေးကု သခံ ယူနေ ရသည့် လူနာများအား ဆေးကုသမှု အခြေအနေတို့ကို သိရှိနိုင်ရန် ကော်မရှင်အဖွဲ့ဝင်များသည် မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် လည်းကောင်း၊ ဆေးရုံအုပ်ဥက္ကဌ အဖြစ် ဖွဲ့စည်းဆောင်ရွက် လျက်ရှိသော ကျန်းမာရေး စောင့်ရှောက်မှုကော်မတီဝင်များနှင့် လည်းကောင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 ကော်မတီ အဖွဲ့ဝင် တို့သည် လူမှုရေးဝန်ကြီး၊ ဆေးရုံအုပ်ကြီး ဦးဆောင်သော ဆရာဝန်ကြီးများ အဖွဲ့တို့ နှင့်အတူ အထက်ပါ ဆေးရုံကြီးတွင် တက်ရောက်နေကြသော ကုသမှုခံယူဆဲ လူနာများအားတစ်ဦး ချင်း တွေ့ဆုံမေးမြန်း အားပေး နှစ်သိမ့် ခဲ့ကြပါသည်။

၇။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် အဖွဲ့များခွဲကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့ရာတွင် ဒေသခံကျေးရွာ လူထုနှင့် တွေ့ဆုံပြီး လက် ပံတောင်းတောင် ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ ၄င်းတို့၏ ရပ်တည်ချက်ကိုလည်းကောင်း၊

လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ၄င်းတို့၏ စိုးရိမ်ပူပန်မှုကို လည်းကောင်း ရေ ရရှိရေး၊ ကျန်းမာရေး၊အလုပ်အကိုင်အခွင့်အလမ်းတို့နှင့် ပတ်သက်၍ ゞင်းတို့၏ လိုလားချက်ကို လည်းကောင်းမေးမြန်းစုံစမ်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

၈။ ထို့အပြင် ဝက်မှေး၊ ကံတောနှင့်ဇီးတော၊ ဆည်တည်း ကျေးရွာသစ်တို့ သို့ပြောင်းရွှေ့ အခြေစိုက် နေထိုင် သူများကိုလည်း ကော်မရှင်အဖွဲ့ဝင်များ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကာ ၄င်းတို့နေထိုင်ကြသော အဆောက်အအုံများ အခြေအနေ၊အလုပ်အကိုင်အခွင့်အလမ်းကိစ္စများနှင့်ပတ်သက်၍လည်း အပြန် အလှန်ဆွေးနွေးကာ ကျေးရွာ လူထု၏သဘောထားဆန္ဒကို လေ့လာစုံစမ်းခဲ့ကြပါသည်။

၉။ ကော်မရှင်ဥက္ကဌ၏ အစီအစဉ်ဖြင့် ရောက်ရှိလာကြသော သမားတော်ဆရာ ဝန်ကြီးနှင့် သြစတြေးလျ နိုင်ငံသား ဆရာဝန်ကြီးနှစ်ဦးတို့သည် အက်စစ်အခိုးအငွေ့များကြောင့် ကျန်းမာရေးထိခိုက်သည်ဟုရပ်ရွာမှ သံသယရှိသည့် ကလေးငယ်လေးဦး၏ ရောဂါဝေဒနာအား ပဏာမစမ်းသပ်စစ်ဆေးကြည့်ရှုခဲ့ရာ အက်စစ်ကြောင့်ဖြစ်သည့် ရောဂါလက္ခဏာမဟုတ်ဟု ချမှတ်ပြုကြသော်လည်း ကလေးများကျန်းမာရေး ဆက်လက်ကုသခံယူနိုင်ရန် အတွက် ကလေးများ အား ကော်မရှင်မှ ရန်ကုန်သို့ခေါ် ယူ၍ ဆေးကု သပေးခြင်းဆောင်ရွက်ခဲ့ပါသည်။

၁ဝ။ ကော်မရှင်အဖွဲ့ဝင်များသည် ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် မိုးကြိုး ဆာလ်ဖျူရစ် အက်စစ်စက်ရုံသို့ သွားရောက်စစ်ဆေးကာ စွန့်ထုတ်သော အငွေ့တွင် ဆာလဖာဒိုင်အောက်ဆိုက် (SO2)ပါဝင်မှုနှင့် ပတ်သက်ပြီး ထိန်းချုပ်စွန့်ထုတ်မှု အခြေအနေ၊ စွန့်ပစ် အရည် နှင့် အစိုင်အခဲပစ္စည်းများ၊ စွန့်ပစ်စုပုံသည့်ကန်များ၊ စွန့်ပစ်နေရာများအား စစ်ဆေးခဲ့ပါသည်။

 ၁၁။ ကော်မရှင်အဖွဲ့ဝင်များသည် မုံရွာကြေးနီတောင်စီမံကိန်း၏ ပထမအဆင့်ဖြစ်သော စပယ်တောင် နှင့် ကြေးစင် တောင်စီမံကိန်းများကို မြန်မာ-ယမ်စီကော့ပါးလီမီတက်မှ လုပ်ကိုင်ဆောင်ရွက် နေသော လုပ်ငန်း ရုံး သို့လည်းကောင်း၊
စပယ်တောင်နှင့် စပယ်တောင်(တောင်)ကြေးနီ  သတ္တုတွင်းရှိရာ ကျင်းကြီး(Pit) နှစ်ကျင်းသို့ သွားရောက်ခဲ့ပြီးကျေးနီစီမံကိန်းဆိုင်ရာကိစ္စများ စပယ်တောင်၊ကြေးစင်တောင်  စီမံကိန်းတွင် ပေါင်းစပ်စီမံခန့်ခွဲ မှုစနစ်အရ ဆောင်ရွက်နေမှုနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းမှု စီမံခန့်ခွဲခြင်းဆိုင်ရာ (ISO-14001)လက်မှတ်၊ ထုတ်လုပ်မှု စီမံခန့်ခွဲမှု ဆိုင်ရာ(ISO-9001) လက်မှတ်နှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုဆိုင်ရာ (OHSAS-18001) လက်မှတ်တို့ကိုလည်း စစ်ဆေးခဲ့ပါသည်။
၁၂။ ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများကိုဒေသခံရွာတစ်ရွာတွင် ရွာသားတို့က ဒေသန္တရနည်းဖြင့် ဒုတ္ထာ/ ကြေးနီချက်လုပ်မှု၊ မြေအောက်သို့စိမ့်ဝင်မှု အခြေအနေ တို့ကိုလည်း ကော်မရှင် အဖွဲ့ဝင် များက သွားရောက်စစ်ဆေးခဲ့ပါသည်။

၁၃။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည် မြန်မာ-ဝမ်ပေါင် ကော့ပါးလီမိတက်ရုံးသို့လည်း သွားရောက်ကာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ အကောင် အထည်ဖော်ဆောင် ရွက်မည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကဲဖြတ်မှု (EIA)၊ လူမှုဘဝအကဲဖြတ်မှု (SIA)တို့ကို ပြန်လည် သုံးသပ်မှု (Reassessment of EIA and SIA) ကိစ္စရပ်တို့ကို လည်းကောင်း၊ ဒေသခံကျေးရွာ လူထုအတွက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ-ဝမ်ပေါင် ကော့ပါး လီမိ တက်မှ ဆောင် ရွက်ပေးနေသည့် လူမှုရေး၊ ကျန်းမာရေးစသည့် အချက်အလက်တို့ကို လည်းကောင်း မေးမြန်းစစ်ဆေး မှုပြုလုပ်ခဲ့ပါသည်။

၁၄။ ကော်မရှင်သည် ပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေကို သိရှိနိုင်ရန် ဆာလ်ဖျူရစ်အက်စစ် စက်ရုံရှိ စွန့်ပစ်ရေကန်အတွင်းမှ ရေကိုလည်းကောင်း၊ စပယ်တောင်ခြေမှ စိမ့်ထွက်ရေနှင့် စပယ်တောင်ခြေရှိ ရေမြောင်း အတွင်းမှ ရေတို့ကိုလည်းကောင်း၊ ဒုံးတောရွာအတွင်း ရေညစ်ညမ်းမှု ရှိသည်ဟု ဆိုသော စက်ရေတွင်းမှ ရေကိုလည်းကောင်း ဓာတ်ခွဲစစ်ဆေးရန် နမူနာများ ရယူခဲ့ပါသည်။

၁၅။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဒီဇင်ဘာလ ၁၉ ရက်နေ့၌ နေပြည်တော်တွင် စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ကွင်းဆင်းလေ့လာတွေ့ရှိချက်များကို ကော်မရှင်ဥက္ကဌထံသို့ တင်ပြခဲ့ပြီး ကော်မရှင် ၏ ရှေ့လုပ်ငန်းစဉ်တို့ကိုလည်းဆွေးနွေးခဲ့ကြပါသည်။

၁၆။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ကွင်းဆင်းလေ့လာချက်များမှာ ပဏာမစုံစမ်းစစ်ဆေးမှုများဖြစ်ပြီး လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုကို အကဲဖြတ်ရန် အတွက် လည်းကောင်း၊ လူမှုဘဝအပေါ်အကျိုးသက်ရောက်မှုနှင့်ပတ်သက်၍ အကဲဖြတ်ရန်အတွက် လည်းကောင်း ၊ ကော်မရှင် အနေဖြင့် ပညာရှင်ပေါင်းစုံပါဝင်သည့် ကျွမ်းကျင်သူအဖွဲ့ ဖွဲ့စည်းကာ ဆက်လက် စုံစမ်း မှုများ ပြုလုပ် သွားမည်ဖြစ်ပါသည်။

၁၇။ ကြေးနီစီမံကိန်းအတွက် မြေယာများ သိမ်းဆည်းခဲ့စဉ် ပေးအပ်ခဲ့သော လျော်ကြေးများနှင့် ပတ်သက်၍ လည်းကောင်း၊ ဒေသခံကျေးရွာများ၏ စီးပွားရေး၊လူမှုရေး၊ ကျန်းမာရေးအခြေအနေတို့နှင့် ပတ်သက်၍ လည်းကောင်း ကော်မရှင်အနေဖြင့် ဆက်လက်လေ့လာစုံစမ်းမှုများ ပြုလုပ်မည်ဖြစ်ပါသည်။


ပြန်ကြားရေးဝန်ကြီးဌာန လင့်

No comments:

Post a Comment