Sunday 16 December 2012

စည်ပင်ရဲတပ်ဖွဲ့ဝင်တစ်ဦး၏သားက ရဲအယောင်ဆောင်ကာ ဓားဖြင့်ထောက်မှုနှင့် ပတ်သက်၍ အမှုဖွင့်ထား

စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏သားက ရဲအယောင်ဆောင်ကာ  ဓားဖြင့်ထောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက ပြည်သူ့ဝန်ထမ်း  အယောင်ဆောင်မှု၊ မတရားချုပ်နှောင်ထားရန် အားထုတ်ရာတွင် လက်ရောက် မှုတို့ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် အခွင့်အလမ်း ဂျာနယ်တိုက်ပိုင်ရှင် ကိုသင်းစိုးမှာ ကိုသန်းဇော်ထွန်း၊ မ၀င်းနုနုဇင်တို့ နှင့်အတူ ဒီဇင်ဘာလ ၁၀ ရက်နေ့ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် Lexus ၇ ဃ ဖြင့် ကမာရွတ်မြို့နယ် (၇) ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာတွင် နေထိုင်သူ ကိုသန်းဇော်ထွန်းကို လိုက်ပို့ရန် နာနတ်တောလမ်းအတိုင်း မောင်းနှင်လာခဲ့သည်။

ယင်းနောက် နာနတ်တောခုံးတံတားထိပ်အရောက် ကိုသန်းဇော်ထွန်းကို ချထားပေးခဲ့ပြီး နာနတ်တော လမ်းအတိုင်း ဗဟိုလမ်းဘက်သို့ ဆင်း၍ ဗဟိုလမ်းမှ နာနတ်တော ခုံးတံတားပေါ်သို့ ပြန်တက်စဉ် တံတားပေါ် မရောက်မီ ချဉ်းကပ်လမ်းပေါ်တွင် လူတစ်ဦး ကားရှေ့ပိတ်ရပ်နေသဖြင့် ကားအား ရပ်ပေးခဲ့ရာ ကမာရွတ်မြို့နယ် စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ်တစ်ဦး၏သားဖြစ်သူ အောင်သူရမှာ ကား အနီး သို့ ရောက်ရှိလာပြီး မိမိမှာရဲဖြစ်ကြောင်း၊

လူသတ်မှုဖြစ်၍ မေးစရာ ရှိသည်ဟုဆိုကာ ကိုသင်းစိုး၏ လည်ပင်းအား အသင့်ပါလာသော ဓားဖြင့် ထောက်နေစဉ် ကိုသင်းစိုးကလက်ဖြင့် ပုတ်ချခဲ့ပြီး ပတ်ဝန်းကျင်အား အကူအညီ တောင်းခဲ့ကြောင်း သိရသည်။

အငှားယာဉ်နှစ်စီး ရောက်ရှိလာသဖြင့် ကျူးလွန်သူနှစ်ဦးမှာ ထွက်ပြေးသွားစဉ် အခင်းဖြစ်ပွားရာနေရာတွင် ရှိနေသူတစ်ဦး၏ အကူအညီ ဖြင့် ဓားဖြင့်လည်ပင်းထောက်သည့် စည်ပင်သာယာ ရဲတပ်ဖွဲ့ဝင် တစ်ဦး၏ သား အောင်သူရနှင့် အပေါင်းပါ ရှမ်းဘုတ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်အိမ်ရာ နေထိုင်သူ ကိုသန်းဇော်ထွန်းက “ကျွန်တော့်ကို အိမ်မှာ ချပေး အပြီး ဖြစ်သွား တဲ့အတွက် ဖြစ်စဉ်ကို တိတိကျကျ မသိလိုက်ရဘူး။

ကိုသင်းစိုးရဲ့ ပြောပြချက်အရ သူတို့တံတားပေါ် ပြန်အထွက်မှာ လူတစ်ယောက်က တား တယ်။ နောက်လူ တစ်ယောက်က သူကရဲဆိုပြီးပြောတယ်။ နောက်ပြီး ဒီမှာလူသတ်မှုရှိလို့ စစ်ဆေးစရာ ရှိတယ် ဆိုပြီး ပြော တယ်။

ဒါနဲ့ ကိုသင်းစိုးက ရဲဆိုတဲ့တစ်ယောက်ကို ဘယ်ဌာနကလဲ၊ နာမည်ဘယ်လိုခေါ်လဲ မေးနေတဲ့အချိန် ကားပေါ်က ဆင်းခိုင်းပြီး လည်ပင်းပေါ်ဓားနဲ့ ထောက်လိုက်တယ်။ ဒါနဲ့ ကိုသင်းစိုးက ခုခံပြီး အနီး ပတ်ဝန်း ကျင်ကို အကူ အညီ တောင်းခံခဲ့တယ်လို့ သိရတယ်” ဟု  ပြောပြသည်။

ကျူးလွန်သူမှာ စည်ပင်ရဲဝန်ထမ်း၏ သားမှန်ကန်ကြောင်း၊ ကျူးလွန်သူနှစ်ဦးကိုလည်း ဖမ်းဆီး ရမိပြီးဖြစ်ကြောင်း ကမာရွတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက ဆိုပါသည်။

ကမာရွတ်ရဲစခန်းမှ ကျူးလွန်သူနှစ်ဦးအား (ပ) ၅၃၉/၂၀၁၂၊ ပြစ်မှု ပုဒ်မ၁၇၀/၃၅၇/၁၁၄ဖြင့် တရားခံများကို စစ်ဆေးလျက်ရှိကြောင်း ပုဒ်မ ၁၇၀ သည် ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုဖြစ်ပြီး ပုဒ်မ ၃၅၇ သည် မတရားချုပ်နှောင်ရန် အားထုတ်ရာတွင် လက်ရောက်မှုဖြစ်ကာ ၁၁၄ သည် အားပေးကူညီမှုဖြစ်ကြောင်း သိရသည် 
 
 ရဲအယောင်ဆောင်ကာ ဓားဖြင့်ထောက်မှုဖြစ်ပွားခဲ့သည့် နာနတ်တောခုံးတံတားထိပ် ချဉ်းကပ်လမ်းအား တွေ့ရစဉ် 
 
From : Eleven Media Group

No comments:

Post a Comment