Friday 9 November 2012

မိုးညှင်းခရိုင်ရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ ကေအိုင်အို အခွန်ကောက်


ကချင်ပြည်နယ် မိုးညှင်းမြို့ ခရိုင်အတွင်းရှိ လက်ဖက်ရည် ဆိုင်များကို သိန်းရာချီ အခွန် ပေးဆောင် ရန် ကေအိုင်အို ရှေ့တန်း တပ်စခန်း ရုံး မှ အကြောင်းကြား ထားကြောင်း ယင်းဒေသ ရှိ လက်ဖက်ရည် ဆိုင် ပိုင်ရှင်များ က The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

" သိန်းသုံးရာ အခွန်ဆောင်ဖို့ အကြောင်းကြား ထားတယ်" ဟု မိုးညှင်းမြို့ မှ လက်ဖက်ရည် ဆိုင် ပိုင်ရှင် တစ်ဦးက ဆိုသည်။


အဆိုပါ အကောက် အခွန် ငွေကျပ်သိန်း သုံးရာကို မပျက်မကွက် လာရောက် ပေးဆောင်ရန် နှင့် ထွက်ပြေး တိမ်းရှောင်ပါက ရှေ့တန်း တပ်စခန်းမှ ထိရောက်စွာ အရေး ယူသွားမည် ဖြစ်ပြီး အခွန်ငွေ ကို ငြင်းဆန်ပါ ကလည်း မအောင်မြင် မခြင်း လက်တွေ့ အကောင်အထည်ဖော် ပြုမူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လက် ဖက် ရည် ဆိုင် ပိုင်ရှင် များထံ ကေအိုင်အိုက အကြောင်းကြား သည့် စာတွင် ဖော်ပြ ထားသည်။


အလားတူ ကဲ့သို့ပင် ဟိုပင်မြို့ မြသီတာ ရပ်ကွက်ရှိ "အာကာ" စတိုးဆိုင် ကိုလည်း ငွေကျပ် သိန်း ၂၅ဝ အခွန် ပေးဆောင်ရန် အကြောင်းကြား သောကြောင့် ယင်းဆိုင် ပိုင်ရှင်သည် ပေးဆောင်နိုင်ခြင်း မရှိဘဲ အသက် အန္တရာယ် အတွက် စိုးရိမ် ပူပန်ကာ နိုဝင်ဘာ ၄ ရက်နေ့တွင် မန္တလေး မြို့သို့ ထွက်ပြေး တိမ်း ရှောင် ခဲ့ရကြောင်း ယင်းဒေသခံ များထံမှ သိရသည်။ ဟိုပင်မြို့ မြေနု ကျေးရွာမှ ဆင်ပိုင်ရှင် တစ်ဦးက မူ "ဆင်တစ်ကောင်ကို ၁၈ သိန်း တောင်းလို့ သွားပေးလိုက် ပြီးပြီ" ဟု ဆိုသည်။

ကေအိုင်အိုမှ အခွန် ကောက်ခံခြင်း နှင့် ပတ်သက်၍ ရှေ့တန်း တပ်စခန်းများ ကို ကေအိုင်အို ဌာနချုပ်မှ ညွန်ကြားထားခြင်း ရှိမရှိ ကို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ထံ The Voice Weekly မှ အီးမေးလ်ဖြင့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ဆက်သွယ် မေးမြန် ခဲ့သော်လည်း ဖြေကြားခြင်း မရှိ သေးပေ။

ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၆ မှ အရာရှိ တစ်ဦး က မူ "ကေအိုင်အိုက အခွန်ကောက်ခံ တဲ့ စနစ်ကို စနစ်တကျ ပြုလုပ် ထားပါတယ်။ ဖားကန့် ဘက်မှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို တစ်နှစ်လုံး အတွက် ငွေ တစ်သိန်းခွဲ ဝန်းကျင်ပဲ အခွန် ကောက်ခံပါတယ်။ တစ်ခုခု လွဲမှား နေတာ ဖြစ်ပါလိမ့်မယ်" ဟု ဆိုသည်။

လက်ရှိ မိုးညှင်း ခရိုင် အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင် များသည် ကေအိုင်အိုထံ အခွန် ကောက်ခံခြင်း ကို မပေးဆောင် နိုင်၍ ဒေသခံ များအား အန္တရာယ် ပြုလာမည် ကို စိုးရိမ်လျက် ရှိကြောင်း မိုးညှင်းမြို့ အခြေစိုက် ကျောက်စိမ်း ကုန်သည် တစ်ဦးက ပြောကြားသည်။
 
ref:thevoiceweekly

No comments:

Post a Comment