Tuesday 21 August 2012

ထိုင်ဝမ်ကျွန်းနှင့် တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းသို့ ထပ်မံဦးတည်လာသည့် တိုင်ဖွန်းမုန်တိုင်းကြီးများ

သြဂုတ်လ ၂၁ ရက် မြန်မာစံတော်ချိန် နံနက် ၀၆၃၀ နာရီတွင် ရရှိသည့် NRL data များအရ ဖိလစ်ပိုင် ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် တိုင်ဖွန်းမုန်တိုင်း TEMBIN(15W) ဖိလစ်ပိုင်အမည် IGME သည် အလွန်အားကောင်းသော အဆင့်-၄ တိုင်ဖွန်းမုန်တိုင်းကြီး အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်ပြီး ထိုင်ဝမ်ကျွန်းသို့ ဦးတည်ရွေ့လျားလျှက်ရှိပါသည်။



အရွယ်အစားအားဖြင့် ကြီးမားခြင်း မရှိသော်လည်း အချင်း ၆၆၅ ကီလိုမီတာ(၃၆၀ နော်တီကယ်မိုင်) ရှိနေကာ၊ မုန်တိုင်းဗဟို၌ လေတိုက်နှုန်း တစ်နာရီ ၁၃၅ မိုင်မှ မိုင် ၁၆၀ အထိ ရှိနေကြောင်း၊ မုန်တိုင်း ဒီလှိုင်းအမြင့် ၂၈ ပေ ရှိကြောင်း၊ မြောက်-အရှေ့မြောက်ဘက်သို့ တစ်နာရီ ၈ မိုင်နှုန်းခန့်ဖြင့်ရွေ့လျား
လျှက်ရှိကြောင်း သိရပါသည်။

ဂူအမ်ကျွန်း အနောက်မြောက်ဘက် မိုင် ၄၃၀ ခန့်၊ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော် အရှေ့ဘက် မိုင ၁၃၀၀ ခန့်တွင် ဗဟိုပြုပြီး အနောက်မြောက်ဘက်သို့ တစ်နာရီ ၅ မိုင်နှုန်းဖြင့် ရွေ့လျားလျှက်ရှိသည့် အပူပိုင်း မုန်တိုင်း BOLAVEN မှာလည်း အဆင့်-၃ တိုင်းဖွန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာမည်ဖြစ်ပြီး အရှေ့တရုတ်ပင်လယ်တောင်ပိုင်းသို့ ဦးတည်ရွေ့လျားမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
 
 
အရှေ့ဖိလစ်ပိုင်ပင်လယ်ပြင်ဘက်မှ ဖြစ်ပေါ်လာသည့် တိုင်ဖွန်းမုန်တိုင်းများသည် ထိုင်ဝမ်ကျွန်းကို   ဖြတ်ကျော် တိုက်ခတ်ပြီး တရုတ်ပြည်တောင်ပိုင်း ကမ်းရိုးတန်းအား ထပ်မံဖြတ်ကျော်လျှက် ကုန်းတွင်း မုန်တိုင်းအဖြစ် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ဗီယက်နန်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသများသို့ မိုးများစေသည့် အခြေအနေ များ ဖြစ်ပေါ်စေခဲ့ပြီး ဖြစ်ပါသည်။

ယခု ထပ်မံဖြစ်ပေါ်လျှက်ရှိသည့် အား အလွန်ကောင်းသော တိုင်ဖွန်း မုန်တိုင်းကြီး TEMBIN နှင့် အရှေ့တရုတ်ပင်လယ်ဆီသို့ ဦးတည်ပြီး နောက်မှ လိုက်လာသည့် မုန်တိုင်း BOLAVEN တို့သည်လည်း တရုတ်ပြည် တောင်ဘက် ကမ်းရိုးတန်းအားဖြတ်ကျော်ကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားဦးမည့် အခြေအနေရှိနေပါသည်။

ထို့ကြောင့် သြဂုတ်လ ၂၄ ရက်(သောကြာနေ့) နောက်ပိုင်းတွင် မုန်တိုင်း TEMBIN ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက်၊ မိုးသည်းထန်ပြီး ရေကြီး ရေလွှမ်းမှုများကို ကြိုတင်ကာကွယ် ပြင်ဆင်နိုင်ရန် မုန်တိုင်းကြီးများ တရုတ်ပြည်တောင်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်မည့် အခြေအနေအသးစိတ်ကို ဆက်လက်စောင့်ကြည့် တင်ပြပေးသွားပါမည်။
 ref:mmweatherblog

No comments:

Post a Comment