Friday 13 July 2012

ဒီမိုကရေစီနုနုမှာ မုန်တိုင်းမထန်ရလေအောင်



          ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီပန်းတွေ ပွင့်လန်းလို့နေပါပြီ... ဒီမိုကရေစီခေတ် အစိုးရသစ် လက်ထက်မှာဟန်ချက်ညီညီလျှောက်လှမ်းလို့နေပါပြီနိုင်ငံတာဝန်တွေကို အစိုးရနဲ့လွှတ်တော်အခန်းကဏ္ဍ တာဝန်ကျရာ ကိုယ်စီထမ်းဆောင်နေကြသော်လည်း ဒီမိုကရေစီနုနုမှာ မုန်တိုင်းမထန်ရလေအောင် ဆိုသလိုနိုင်ငံတော်အစိုးရကိုအမျိုးမျိုးသောဖိအားတွေပေးနေကြတာတွေဟာတကယ်တမ်းပြန်စဉ်းစားကြည့် ကြမယ်ဆိုရင် နိုင်ငံတော်ရဲ့အခြေအနေတွေဟာ အပေါင်းလက္ခဏာ ဆောင်ကြဉ်းနေတာကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများကတောင် အသိအမှတ်ပြုနေကြပြီဆိုတာ မှန်မှန်ကန်ကန်နဲ့ဘယ်ဘက်မှမလိုက်ဘဲ ပြောကြမယ်ဆိုရင် နိုင်ငံရေး ဖြစ်စဉ်တွေဟာ တိုးတက်မှုရှိနေပြီလို့ပြောပါရစေ
          မြန်မာ့နိုင်ငံရေးဟာ တည်ငြိမ်မှုရရှိလာတာကို ပိုမိုတိုးတက်အောင် ၀ိုင်းဝန်းလုပ်ဆောင်ကြရမယ့်အစား အစိုးရရဲ့အားနည်းချက်ကိုအမြဲတမ်းထောက်ပြပြောဆိုနေတာတွေကို လေ့လာကြည့်တဲ့အခါ ဒေါ်စုအပါအ၀င် လွှတ်တော်အတွင်းလူတွေရော၊ သံဃာများဖြစ်ပြီးနိုင်ငံရေးရောင်ရောင်နဲ့ ၀င်ရောက်လုပ်ဆောင်ကြတဲ့ ၀ီရသူ၊ ရွှေည၀ါတို့နဲ့ ၈၈ မျိုးဆက်များရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းများ၊ ဗကသအမည်ခံများဟာ ဟိုနေရာပါ၊ ဒီနေရာပါ ၀င်ရောက်နေရာယူပြီး ဖယောင်းတိုင်မီးကိစ္စ၊ အလုပ်သမားကိစ္စ၊ မြေယာကိစ္စစသည်တို့မှာ အစိုးရနဲ့ ပြည်သူကြား ခလောက်ဆန်ပြီး နိုင်ငံတော်မတည်မငြိမ်ဖြစ်အောင် ဆန့်ကျင်လုပ်ဆောင် နေကြတာတွေဟာ ဘာအတွက်လဲ၊ ဒီမိုကရေစီ အတွက်လား အလုံးစုံပျက်စီးရေးအတွက်လား


          ဒေါ်စုအပါအ၀င် လွှတ်တော်ကိုယ်စားလှယ်များဟာ အစိုးရအပေါ်မှာ အကြံကောင်း၊ ဥာဏ်ကောင်း တွေပေးပြီး အစိုးရနဲ့အတူ နိုင်ငံတော်တိုးတက်ရေးကို ရှေ့ရှုဆောင်ရွက်ရမယ့်အချိန်အခါဖြစ်ပါတယ်၊ သို့သော်လည်း အချို့လွှတ်တော်ကိုယ်စားလှယ်တွေဟာ အပြင်မှာနာမည်ပျက်စာရင်းရှိပြီး ပေါ်ပြူလာဖြစ်ခဲ့ကြသော်လည်း အပြင်မှာကတည်းက စိတ်ဓာတ်အခြေခံမကောင်းခဲ့ကြတဲ့အတွက် လွှတ်တော်အတွင်းမှာလည်း အကောင်းမြင် ၀ါဒမရှိဘဲ အဆိုးမြင်ဝါဒီသမားများအဖြစ်နဲ့သာ နိုင်ငံတော်အကြီးအကဲများစေတနာကိုမှမထောက် ထင်ရာပြောဆို နေကြာတတွေဟာ တကယ်တော့ တည်ငြိမ်နေတဲ့ နိုင်ငံရေးအခြေအနေကို မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ချက် တွေဖြစ်နေတာကြောင့် နိုင်ငံတော်ကိုတကယ်ချစ်တာလား၊ မိမိတို့ပါတီတွေ အာဏာရရေးလား၊ မိမိတို့အာဏာ ရရေးလားလို့ မေးခွန်းထုတ်ရမလိုဖြစ်နေပြီဗျာ
          ကျွန်တော်တို့လည်း ငယ်ရာကကြီးလာကြတဲ့သူတွေပါ.. ကိုယ်တိုင်ကြုံတွေ့မှုအရရော၊ ဖတ်မှတ် လေ့လာမှုအရပါ ထိုက်သင့်တဲ့နိုင်ငံရေးအသိအမြင် အတွေးအခေါ်များ ရရှိနေပြီဖြစ်ပါတယ်။ ယခုလိုခေတ်မျိုးမှာ လွတ်လပ်ပြီး အေးချမ်းသာယာနေတာ အားလုံးမြင်တွေ့ခံစားနေရတဲ့ အခြေအနေပါ၊ နိုင်ငံတာဝန်၊ ပြည်သူ့တာဝန်တွေကိုထမ်းဆောင်ဖို့ကျွန်တော်တို့ ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အားနဲ့မာန်နဲ့ ပြည်သူ့အကျိုး သယ်ပိုးရမယ့်အစား အစိုးရရဲ့အားနည်းချက်ကို ဝေဖန်နေလေတော့ ပြည်သူ့ရဲ့မျက်နှာမကြည့်ဘဲ ကိုယ့်သဘောကိုယ်ဆောင် လုပ်နေကြတာရပ်သင့်ပါပြီ၊ တိုင်းပြည်ရဲ့တိုးတက် မှုကိုမှန်မှန်ကန်ကန်နဲ့ သုံးသပ်ပြောဆိုဖို့ဝန်လေးနေတဲ့လွှတ်တော်ကိုယ်စားလှယ်ကြီးများဟာ မိမိကိုယ်တိုင် အာဏာရမှ မိမိထင်ရာလုပ်ရမှ ကျေနပ်နိုင်ကြမှာလား။

          နိုင်ငံတစ်ခုလုံး ငြိမ်းချမ်းတည်ငြိမ်ဖို့ဆိုတာ နိုင်ငံသားအားလုံး၊ ပြည်သူများအားလုံး၊ လွှတ်တော် ကိုယ်စားလှယ်တွေအားလုံးမှာ တာဝန်ကိုယ်စီရှိကြပါတယ်။ တာဝန်ယူရပါမယ်။ နိုင်ငံတော်ကို မတည်မငြိမ်အောင် လွှတ်တော်ပြင်ပလှုပ်ရှားမှုများဟာ ဒီမိုကရေစီအရေးကိုဗန်းပြ၊ လူ့အခွင့်အရေးကိုတောင်းဆို၊ အလုပ်သမားအရေး တောင်းဆို၊ ကျောင်းသားအရေးတောင်းဆို စသည့်အဖွဲ့တွေမှာ သံဃာအယောင်ဆောင်တွေ၊ ကျောင်းသား အယောင်ဆောင်တွေ၊ ၈၈ မျိုးဆက်များရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းများ၊ ဗကသလှုပ်ရှားမှုများ စသည့်လှုပ်ရှား ဆောင်ရွက်သူတွေဟာ အေးချမ်းစွာနေတဲ့ ပြည်သူတွေ၊ ငြိမ်းချမ်းစွာ      ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေယုံသာမက ထိုလှုပ်ရှားမှုကတစ်ဆင့် လူထုအုံကြွမှု၊ ဖျက်ဆီးမှုများ ပါလာတော့မှာဖြစ်ပါတယ်…..
          ဒါတွေကိုပြန်လေ့လာကြည့်တဲ့အခါ ၈၈ မျိုးဆက်ကို ခေါင်းဆောင်နေတဲ့ မင်းကိုနိုင်ကိုကြည့်ပါ။ ပညာတစ်ပိုင်းတစ်စနဲ့၊ အလုပ်အကိုင် မယ်မယ်ရရမရှိ လုပ်တော့လည်း သင်္ကြန်သံချပ်ထိုး၊ အလှူခံငွေ စုဆောင်းနဲ့ ပြည်တွင်း၊ ပြည်ပမှ ရနိုင်သမျှအကူအညီတောင်း၊ ပွင့်လင်းလူ့အဖွဲ့အစည်းကို ဘယ်လိုခေါင်းဆောင်မလဲ၊ နိုင်ငံရေးသမားလုပ်ချင်ပြီးတော့ အစိုးရကိုဆန့်ကျင်တယ်၊ ပြီးတော့ သံဃာအမည်ခံနေကြတဲ့ ၀ီရသူနဲ့ ရွှေည၀ါတို့ဟာ ဘာသာရေးကိုခုတုံးလုပ်ပြီး လူကြိုက်များအောင်အစိုးရရဲ့အားနည်းချက်၊ ၀န်ထမ်းတွေရဲ့အားနည်းချက်တွေ ထောက်ပြပြီးတော့ အလှူခံရယူနေကြတာဟာ ဒီမိုကရေစီခေတ်မှာ ရပ်တန်းကရပ်ဖို့သင့်နေပါပြီ။ ဒီမိုကရေစီ ကျင့်စဉ်များအတိုင်း တာဝန်ရှိသူတွေက ဖြေရှင်းဆောင်ရွက်ပေးနေတဲ့ခေတ်ပါ၊ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများကိုပင် မကြောက်မလန့်ဖြင့် ပုတ်ခတ် ပြောဆိုမှုများသည် သာသနာတော်ကို ညှိုးနွမ်းစေယုံမက ၀ိနည်းများအတိုင်း နေထိုင်ကျင့်ကြံမှုမရှိကြတဲ့အတွက် နိုင်ငံရေးကို ဘာသာရေးနဲ့ ခုတုံးလုပ်နေတာတွေဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရှိ/မရှိ ဆိုတာ သေချာစွာသုံးသပ်ဖို့ လိုပါတယ်


  ၂၀၀၇ ဗကသကလည်း ၈၈ မျိုးဆက်ကပဲ မွေးထုတ်ပေးခဲ့တာလို့ ပြောရင်မှားမယ်မထင်ဘူး၊ အေးချမ်းစွာပညာသင်ကြားနေတဲ့ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများပါမကျန် သမဂ္ဂအမျိုးမျိုးဖွဲ့ပြီး နိုင်ငံရေးဇာတ်ခုံပေါ်ကို ခေါင်းဆောင်များဆိုပြီး စင်မြင့်ထက်ပေါ်မှာနေရာယူ မင်းသားလုပ်ချင်နေကြတာတွေ့ရပြီး မရေမရာယုံကြည်ချက်အတွက် အမျိုးသားနိုင်ငံရေးလား၊ ပါတီနိုင်ငံရေးလားဆိုတဲ့ ကိုယ်ရွေးချယ်တဲ့လမ်းအတိုင်း အကောင်းမြင်ဝါဒနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ ပါဝင်ဆောင်ရွက်ကြရင်ဖြင့် နိုင်ငံတော်အစိုးရကရော၊ ကျွန်တော်တို့ပြည်သူတွေ ကရောထောက်ခံကြိုဆိုအားပေးနေကြမှာပါ
          NLD က ထုတ်ပယ်ထားတဲ့ နော်အုံးလှနဲ့ ဆန္ဒပြအခွင့်အရေးတောင်းဆိုနေသူ စုစုနွေးတို့ဟာ လူ့အခွင့်အရေးကိုလှုပ်ရှားနေတဲ့ခေါင်းဆောင်တွေပေါ့၊ သူတို့ဟာ အလုပ်အကိုင်မယ်မယ်ရရမရှိ၊ ပညာ အရည်အချင်းအားနည်းတဲ့အတွက် သူတို့ရဲ့လုပ်ဆောင်ချက်တွေက ပြည်သူလူထုအတွင်းစိတ်အနှောင့် အယှက်များဖြစ်စေတဲ့အပြင် ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြုသလဲ၊ ကိုယ်ကျိုးရှာနိုင်ငံရေးသမား များဖြစ်ပြီး နိုင်ငံတော်ရဲ့တိုးတက်မှု၊ နိုင်ငံတော်ရဲ့ရေမြေတောတောင်သဘာဝနဲ့ အဖိုးတန်မှုတွေနားမလည်တဲ့သူတွေပါ။ ကုန်ကုန်ပြောရရင် ပညာအရည်အချင်း မပြည့်စုံတဲ့အတွက် နိုင်ငံတော်ရဲ့မှန်ကန်တိုးတက်မှုတွေ၊ စီးပွားရေးအရရော၊ လူ့ဘောင်အဖွဲ့အစည်းတစ်ခုလုံးတိုးတက်ရေး ဦးတည်လုပ်ဆောင်နေတဲ့ဆင်းရဲမွဲတေမှု လျှော့ချရေးတို့ဟာ နိုင်ငံတော်ရဲ့စေတနာတွေကိုမြင်တွေ့နိုင်ပါတယ်၊ အငြိမ်းစားဝန်ထမ်းတွေပင်စင်လစာ တိုးပေးတာတွေ၊ ၀န်ထမ်းတွေအပိုဆောင်းငွေတိုးပေးနဲ့ စတဲ့လုပ်ဆောင်ချက်တွေဟာနိုင်ငံတော်ရဲ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေပေါ်မှာ မူတည်ပြီးဒီမိုကရေစီနည်းစနစ်များအတိုင်းဟန်ချက်ညီညီလုပ်ကိုင်ပေးနေတာကိုနားလည်နိုင်မှာမဟုတ်ဘဲ ဆန္ဒပြပြီး ရရှိလာတဲ့ဘွဲ့တံဆိပ်တွေ ဆုငွေတွေအပေါ်မှီခိုရပ်တည်နေတာ နိုင်ငံတော်အပေါ်မှာ စေတနာရှိလို့လား၊ ကိုယ်ကျိုးအတွက်လားဆိုတာ ဒီမိုကရေစီခေတ်မှာ ဘယ်လို ဖြေရှင်းချက်ပေးချင်သလဲ…..
မြန်မာ့နိုင်ငံရေးသမိုင်းသစ်တစ်ရပ် ထူထောင်နေတဲ့ဒီမိုကရေစီခေတ်မှာ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်စတဲ့ လွှတ်တော်အဆင့်ဆင့်မှာ ပြည်သူ့ဆန္ဒနဲ့အညီဖော်ဆောင် နေကြပါပြီ၊ နိုင်ငံတော်အစိုးရကလည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ သတင်းနှင့် စာနယ်ဇင်း (မီဒီယာ) ပြည်သူလူထုစတဲ့ မဏ္ဍိုင်ကြီး ရပ်နဲ့ အညီ ဟန်ချက်ညီညီဆောင်ရွက်နေတာကို မြန်မာ သာမကကမ္ဘာကလည်းအသိဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ထဲက ဒေါ်စုတို့လိုလူတွေကအကောင်း မမြင်၊ အဆိုးမြင်နဲ့သာ အပြုသဘောမဆောင်ဘဲ အဖျက်သဘောဆောင်နေကြတော့ လွှတ်တော်ကိုယ်စား လှယ်ကြီးများ လွှတ်တော်အတွင်းမှာ ပြည်သူ့အကျိုးကိုရှေ့ရှုပြီး ဖော်ဆောင်နေပေးရင်ဖြင့်  ပြည်သူတွေက လည်း ယုံကြည်အားကိုနေကြမှာပါ။ ၈၈ မျိုးဆက်ကလည်း ပွင့်လင်းကနေ ပါတီထောင်၊ ဗကသတို့က ကျောင်းပြန်၊ သံဃာများက ဘာသာရေးဆက်လုပ်ချင်လုပ်၊ မလုပ်ချင်ရင်လူဝတ်လဲပြီး ၀ီရသူ(ခေါ်) ဦးဝင်းနိုင်ဦးနဲ့ ရွှေည၀ါ(ခေါ်)ဦးတုတ်ကြီးတို့အနေနဲ့ ပါတီနိုင်ငံရေးကို လူထွက်ပြီးလုပ်ရင်ဖြင့် သာသနာ တော်လည်း သန့်ရှင်းစင်ကြယ်ပြီး မှားယွင်းကိုးကွယ်မှုတွေရှိတဲ့သူတွေလည်း လမ်းမှားပေါ်မှ လမ်းမှန်ပေါ် သို့ပြန်ရောက်လာကြမှာပါ။ လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ ယခင်က ဒီမိုကရေစီခေတ်မဟုတ်လို့ လှုပ်ရှားခဲ့ကြတာလေ၊ ဒီမိုကရေစီခေတ်မှာ နိုင်ငံတော်ကိုတကယ်ချစ်ရင် ကိုယ်လုပ်ဆောင်ချင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို လွတ်လပ်စွာဝင်လုပ်လို့ရနေတာကြောင့် နိုင်ငံရေးရေချိန်မြင့်လာတာနဲ့အညီ ဒီမိုကရေစီ အနှစ်သာရတွေဟာလည်း တိုးတက်ကောင်းမွန်လာမယ်ဆိုတာ တွေးကြည့်တာနဲ့ သိနိုင်ပါတယ်။ ဘယ် နိုင်ငံသားဘဲဖြစ်ဖြစ် ဟိုအဖွဲ့အစည်းပါမှ ဒီအဖွဲ့အစည်းပါမှမဟုတ်ပါဘူး၊ အကောင်းမြင်ဝါဒနဲ့ ပူးပေါင်း ဆောင်ရွက်ကြပါလို့ ဘေးကနေကြည့်နေတဲ့ ကျွန်တော်တို့ရဲ့အမြင်ကို လွှတ်တော်အတွင်းက နိုင်ငံရေး လှုပ်ရှားသူတွေရော၊ လွှတ်တော်ပြင်ပက နိုင်ငံရေးလှုပ်ရှားနေသူတွေရော ထောက်ပြချင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ပါတီအာဏာရရေး၊ ငါအာဏာရရေးတို့ကိုသာ လုပ်ဆောင်နေကြရင်တော့ မိမိတို့အတွက်ရော တိုင်းပြည်အတွက်ပါ ရင်လေးစရာဖြစ်မှာမို့ ``မုန်တိုင်းမထန်အောင်`` လုပ်ဆောင်ကြပါလို့ တိုက်တွန်း ပါရစေ

No comments:

Post a Comment