Sunday 1 July 2012

အပြောင်းအလဲများနှင့် ဇေယျာသော်


တစ်ချိန်က လူငယ်တွေကြားမှာ ACID လို့ ပြောလိုက်ရင် HipHop အဆိုတော် ဇေယျာသော်ကိုပါ တွဲပြီးမြင်ကြမှာပါ။ ဘာသာတရားကိုင်းရှိုင်းတဲ့ လူကြီးတွေအမြင်မှာတော့ အဲဒီအချိန်ကတဲက ဇေယျာသော်ကို မျက်စိထဲမှာကန့်လန့်ကြီး ဖြစ်နေခဲ့တာပါ။ ကျွန်တော်လည်း အဲဒီအချိန်ကတဲက ACID အဖွဲ့နဲ့အတူ အဆိုတော် ဇေယျာသော်ဆိုသူကိုလည်း စတင်သိရှိခဲ့ပါတယ်။
          နဲနဲကြာလာတော့လည်း အနုပညာလောကမှာ အားပေးတဲ့ပရိသတ်မရှိတော့ဘဲ ပျောက်ကွယ် သွားတဲ့ အဆိုတော်ဇေယျာသော် ဘာတွေလုပ်နေလဲ၊ ဘာတွေလုပ်ခဲ့လဲဆိုတာတွေ ထင်ထင်ရှားရှား မရှိတော့ပေမယ့် ဆေးချလိုက်၊ မိန်းကလေးတွေနဲ့ပျော်ပါးလိုက်၊ HipHop သံစဉ်တွေရေးလိုက်နဲ့ ဘဝကိုပျော်ပျော်ကြီး ဖြတ်သန်းနေတယ်လို့တော့သိရပါတယ်။
          ၂၀၀၈ မှာ တစ်ခါ သူ့ကိုပြန်ပြီး သတိထားမိလိုက်တာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ မတရားအသင်းတည်ထောင်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ကျသွားပါတယ်။ GW လို့ခေါ်တဲ့ Generation Wave(မျိုးဆက်သစ်လူငယ်များအစည်းအရုံး)ဆိုတဲ့အဖွဲ့ကို ဖွဲ့လို့ပါ။
          ၂၀၁၁ ခုနှစ်မှာတော့ ဇေယျာသော် ကော့သောင်းထောင်ကလွတ်လာပြီဆိုတဲ့အကြောင်း ကြားသိရပြန်ပါတယ်။ HipHop အဆိုတော်ကနေ ထောင်ထွက်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုတိုးလာတာပေါ့။ အဲဒီလိုနဲ့ပဲ ထောင်ကထွက်လာတော့လည်း ဘာမှမယ်မယ်ရရလုပ်တာကိုင်တာတွေ သတင်းမရဘဲ ထုံးစံအတိုင်း ဆေးချလိုက်၊ မိန်းမတွေနဲ့ ပျော်ပါးလိုက်နဲ့ပဲ ဘဝကိုဖြတ်သန်းနေတော့တာပါပဲ။
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကျတော့  ဧပြီလမှာလုပ်မယ့် ကြားဖြတ်ရွေးကောက်မှာ ဇေယျာသော်က NLD ပါတီကိုယ်စားပြုပြီး  နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ကနေ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံမယ်လို့ ကြားသိလိုက်ရတော့ တော်တော်အံ့သြသွားတယ်။ ဘိန်းစား၊ ဘိန်းကြောင်-ကြောင်ပြီး ထင်ရာမြင်ရာတွေလျှောက်ဖွဲ့လို့ ထောင်ကျသွားတဲ့ ထောင်ထွက် တစ်ယောက်က ဘယ်အချိန်မှာ NLD ပါတီကိုရောက်သွားတယ်ဆိုတာ မသိလိုက်ရဘူး။
နိုင်ငံရေး၊ စီးပွားရေး၊ တိုင်းရင်းသားပြည်သူတွေအရေး၊ တိုင်းပြည်ရဲ့လတ်တလောအခြေအနေ၊ ဘာဆိုဘာတစ်ခုမှ မသိဘဲနဲ့၊ ဘာမှ လုပ်ခဲ့ဘူးတဲ့ အတွေ့အကြုံလည်းမရှိဘဲနဲ့ နိုင်ငံတော်ဆိုတာတောင် ဝေဝေဝါးဝါးသာသိတဲ့သူတစ်ယောက်က ရွေးကောက်ပွဲမှာဝင်ပြီး အရွေးခံမယ်ဆိုတော့ သူနဲ့ သူ့ကိုလက်ခံတဲ့ NLD ပါတီကို တော်တော်အံ့သြမိပါတယ်။ ဒါပေမယ့် ဒေါ်စုကြည်မျက်နှာနဲ့ သူ ရွေးကောက်ပွဲ နိုင်သွားတယ်ဗျာ။ အဲဒီနယ်မှာ ရှိတဲ့ရွာတွေကလူတွေကို ဘယ်လိုများစည်းရုံးလိုက်လို့လဲ မသိပါဘူး။ တော်တော်အံ့သြဖို့ ကောင်းပါတယ်။
မဲနိုင်သွားပြီးတဲ့နောက် သူ့ကို အဲဒီပုဗ္ဗသီရိနယ်မှာ တစ်ခါမှ လာတယ်လို့မကြားရတော့ဘဲ NLD ဥက္ကဌကြီး ဒေါ်စုကြည်နားမှာပဲ တပူးတွဲတွဲရှိနေတယ်လို့ သိရပါတယ်။ ဒေါ်စုကြည်ရဲ့ ဥရောပခရီးစဉ်တစ်လျှောက်မှာလည်း ၈၈ ကျောင်းသားဟောင်းတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေထဲက ဘယ်သူ့မှ မခေါ်သွားဘဲ ဇေယျာသော်ကို ခေါ်သွားလို့ မကျေမနပ်ဖြစ်နေကြတယ်လို့လည်း သိရပါတယ်။ သတင်းမီဒီယာတွေမှာလည်း ဒေါ်စုကြည်ဘေးက ထမိန်ထုပ်ပိုက်ပြီးလိုက်တတ်တဲ့ အရည်အချင်းသာရှိတဲ့ HipHop အဆိုတော် ဆေးသမားကိုကြည့်ပြီး မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်ကြီးများက သူနဲ့တတန်းတစားတည်း လွှတ်တော်တက်ရမှာကို ခပ်ရွံ့ရွံ့ဖြစ်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဇေယျသော်က လွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ် ကျမ်းကြိမ်သစ္စာမဆိုရသေးဘူး ဆိုတော့ လွှတ်တော်အမတ်တစ်ယောက်တော့ တရားဝင်မဟုတ်သေးပါဘူး၊ လွှတ်တော်ကိုယ်စားလှယ်သာ တရားဝင်ဖြစ်ရင်  နိုင်ငံတော်သီချင်းကို HipHop ပုံစံပြောင်းဖို့ လွှတ်တော်မှာ အဆိုတင်သွင်းအုံးမှာလား လို့တောင် စိုးရိမ်မိပါတယ်။

No comments:

Post a Comment