Wednesday 6 June 2012
ဆရာတော် ၀ီရသူသို့ အိတ်ဖွင့်ပေးစာ
ရန်ကုန်  ဇွန် ၆
          အခုလဲပြောရမယ်ဆိုရင် ၀ီရသူရဲ့ရေးသားချက်တွေနဲ့ပတ်သက်လို့ တော်တော်ကြောက်စရာကောင်းတဲ့           အရေးအသား ဖတ်မိပါတယ်။ မူရင်းရေးသားချက်ကိုကြည့်ပါ..“ မဟနအဖွဲ့အတွင်းမှာပင် ရဟန်းသီလလုံးဝ ပျက်စီး နေသော မဟာယန အချိုးချိုးနေသောထေရ်ကြီးဝါကြီးများပါဝင်နေပေသည်။ ရွေးချယ်ရာ၌ ကိုယ်ကျင့်သိက္ခာကို အဓိကထား၍ မရွေးချယ်ခြင်း၊ ဆိုင်ရာဆိုင်ရာ နီးစပ်ရာကို ရွေးကောက်တင်မြှောက်ခြင်းတို့ကြောင့် ပါရာဇိကချိုး (ဂျိုး) များပါဝင်နေခြင်းဖြစ်ပေသည်..“ ဒါက ၀ီရသူရဲ့ရေးသားချက်ထဲက အနည်းငယ်လေးကောက်နုတ်ဖော်ပြလိုက်တာပါ။
          စာမျက်နှာပေါင်း(၂၂)မျက်နှာပါပါတယ်။ ၀ီရသူအနေနဲ့ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ ဆိုတဲ့အဆုံးအမ မျိုး၊ သူ့အပြစ်သူခံလိမ့်မယ်၊ ကိုယ်ပါရောမခံနဲ့ဆိုတဲ့ အဆုံးအမမျိုးတွေ သိရက်သားနဲ့ လျစ်လျူရှုထားတာလား။ ဒါမှမဟုတ် ထင်ပေါ်ကျော်ကြားလိုတဲ့စိတ်နဲ့ အရာရာကို မကောင်းမြင်နေတာလား။ လောကမှာ လုံးဝကဲ့ရဲ့အပ်တဲ့သူ၊ လုံးဝချီးမွမ်းထိုက်တဲ့သူ မရှိဖူးလို့ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားထားပြီးသားပါ။ မကောင်းတဲ့စိတ်နဲ့ မကောင်း တာတွေ လျှောက်ကြည့်နေမယ်ဆိုရင် မကောင်းတာပဲ မြင်နေရမှာပါ။
          အရင်စစ်အစိုးရတုန်းက စစ်အစိုးရမို့လို့ တိုက်ခိုက်ဟောပြောတာ အပြစ်မပြောချင်ပါဘူး။ ဒီကနေ့ခေတ်မှာတော့ အစိုးရပိုင်းအနေနဲ့ ဒီမိုကရေစီအစိုးရဖြစ်နေပါပြီ။ ပြည်သူတွေ လိုအပ်တာတွေ ပြောဖို့အတွက် ပြည်သူ့ကိုယ်စားလှယ် တွေကိုလဲ ရွေးကောက်ထားပြီးပါပြီ။ အလုပ်လဲ လုပ်နေကြပါပြီ။ ဗိုလ်ချုပ်သမီးကိုယ်တိုင် ပြည်သူ့ကိုယ်စားလှယ် အဖြစ် မားမားမတ်မတ်ရပ်တည်နေပါပြီ။ ပြောချင်တာက လူတွေအလုပ် လူတွေလုပ်ပါလိမ့်မယ်။ ဆရာတော့် အနေနဲ့ သာသနာရေးကိစ္စရပ်တွေပဲ လုပ်ခြင်းဖြင့် ဗုဒ္ဓသာသနာထွန်းကားပြန့်ပွားအောင်လုပ်စေချင်ပါတယ်။
          အခု လေ့လာမိသလောက်တော့ ၀ီရသူဘုန်းကြီးအနေနဲ့ အစိုးရကိုလဲ မကောင်းပြောနေတယ်။ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဆိုလဲ ရစရာမရှိအောင်ပြောနေတယ်။ ဘုန်းကြီးအကောင်းမြင်တဲ့အဖွဲ့ ဒါမှမဟုတ် အကောင်းမြင်တဲ့သူ လေးများရှိရင် ပြောပြပါဦးလို့ပဲ မေးလိုက်ချင်ပါတယ်။ ဘုန်းကြီးက လူတွေအပေါ် အပြစ်ဖော်ပြထောက်ပြတာသင့်တော် ပါတယ်။ ဒါပေမယ့် ထေရ်ကြီးဝါကြီးဆရာတော်ကြီးတွေကို ၀ါးလုံးရှည်နဲ့သိမ်းရမ်းလိုက်တာမျိုးကတော့ တကယ့်ကို ကြောက်စရာကောင်းလွန်းလှပါတယ်။ ၀ီရသူဆိုတာ ဗုဒ္ဓဘာသာစစ်စစ်ကောဟုတ်ရဲ့လားလို့သံသယ၀င်နေမိပါတယ်။ 
        သံဃဂုဏော အနန္တောဟု လောဘ၊ ဒေါသ၊ မောဟ ကင်းကွာ၊ တဏှာ၊ကာမ၊ ကိလေသနှင့် ရာဂအမိုက်၊ နှစ်ခြိုက် မပျော်၊ မမွေ့လျော်ဘဲ၊ ရှင်တော်ဟောကြား မြတ်တရားကို မှတ်သားကြည်ညို မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းမှန်သည် မြတ်မွန်ထေရ်ကျော် သံဃာတော် လို့ရှေးအစဉ်အဆက်က ဆိုထားပါတယ်။ ၂၂၇ သွယ်သော သိက္ခာပုဒ်တော်ကိုစောင့် ထိန်း လိုက်နာကျင့်ကြံကြတဲ့ သံဃာတော်တို့ရဲ့ ဂုဏ်တော်ဟာအနနဖြစ်ပါတယ်။ ဒီဂုဏ်တော်တွေနဲ့ ဆရာတော် ၀ီရသူကိုယ်တိုင် လိုက်နာကျင့်ကြံနိုင်ပါရဲ့လား..မိမိကိုယ်မိမိဝေဖန်ဆန်းစစ်ကြည့်စေချင်ပါတယ်။ အနည်းဆုံး လောဘ၊ ဒေါသ၊  မောဟကင်း စေချင်ပါတယ်။ ဒေါသကင်းတဲ့သူဟာ အရာရာကို အကောင်းမြင်နေမှာဖြစ်ပါတယ်။
မနေ့က ၀ီရသူ သဘောထား(၄/၇၄)ဆိုတဲ့ စာကိုလဲ ဖတ်လိုက်ရပါတယ်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာက အသက်(၂၇)နှစ်အရွယ်ရှိတဲ့ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်) မိန်းကလေးကို  မူဆလင်(၃)ယောက်က အဓမ္မပြုကျင့်ပြီး ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ မီးပွားကနေပြီး မူဆလင်ခရီးသည်(၁၀) ယောက်အသတ်ခံရတဲ့အထိ ဖြစ်ပျက်ခဲ့တဲ့ကိစ္စရပ်နဲ့ပတ်သက်လို့ ဆရာတော်ရဲ့ရေးသားချက်တွေ ကောင်းမွန်ပါတယ်။ ဥပဒေဘောင်အတွင်းက ဖြေရှင်းရမည်ဖြစ်ပါလျက်  လက်တုံ့ပြန်သတ်ဖြတ်ခြင်းသည် နှစ်ဦးနှစ်ဘက် နစ်နာစေနိုင် တယ်ဆိုတဲ့ သဘောထားကလဲ မှန်ကန်တဲ့သဘောထားပါပဲ။
အကြံပြုပြောချင်တာကတော့ တစ်ခြားဘာသာကိုလဲ မပုတ်ခတ်စေချင်ပါဘူး။ ကိုယ့်လူမျိုးအချင်းချင်းကိုလဲ အပြစ်မပြောစေချင်ပါဘူး။ အစိုးရနဲ့ပြည်သူအကြား သံသယဖြစ်စေတဲ့၊ သွေးကွဲစေတဲ့ အတွေးအမြင်များလဲ ထည့်သွင်းမဖော်ပြသင့်ပါဘူး။ လူမျိုးခြားနှင့်ပေါင်းကာ ကိုယ့်လူမျိုးကို ပြန်လည်အနိုင်ကျင့်နေခြင်းတို့ရှိမှသာလျှင် အင်အားသုံးခြင်းကို စဉ်းစား ရမည်ဖြစ်ပါတယ်..ဆိုတာကတော့ ကိုယ့်လူမျိုးကို ကိုယ် အပြစ်ပြောနေသလိုပါပဲ။ လူတိုင်းဟာမျိုးချစ်စိတ်ရှိတဲ့ သူတွေ ချည်းပါပဲ။ အခြေအနေအကြောင်းကြောင်းကို ထောက်ထားပြီး နိုင်ငံတကာနဲ့ ပြေလည်အောင်ဆက်ဆံနေကြ ရတာပဲ ရှိပါတယ်။
အကောင်းဆုံးကတော့ နိုင်ငံရေးကိစ္စတွေမှာ ၀င်မပါဘဲနေတာ အကောင်းဆုံးလို့ မြင်ပါတယ်။ချမ်းမြေ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဖြစ်စေချင်ပါတယ်။ တစ်ဦးကိုတစ်ဦး ရန်လိုမှု၊ ရန်ညှိုး ထားမှုတွေဟာ ဗုဒ္ဓဘာသာမဟုတ်ဖူးလို့ပဲ လျှောက်ထားချင်ပါတယ်။ အပွင့်လင်းဆုံးပြောရမယ်ဆိုရင် ကိုယ့်အလုပ်ကိုယ်လုပ်ကြတာအကောင်းဆုံးလို့ပဲ မြင်ပါတယ်။ ပရိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဒဆိုတဲ့ သာသနာသုံးရပ် ပြန့်ပွားရေးသည်သာ သံဃာတော်များ လုပ်သင့်တဲ့အလုပ်ဖြစ်ပါတယ်လို့ လျှောက်ထားရင်း နိဂုံးချုပ်ပါတယ်။
No comments:
Post a Comment