Sunday 27 May 2012

အလုပ်သမားအရေး (၈၈) မျိုးဆက်ကျောင်းသားများ ၀ိုင်းဝန်းဆွေးနွေးတောင်းပန်



၂၀၁၂ခုနှစ်၊ မေလ(၂၂)ရက်နေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ ဝေဇန္တရာလမ်း၊ သီရိဂုဏ် အိမ်ယာမှာရှိတဲ့ (၈၈) မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ (၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ အလုပ်သမားတွေဘက်က ရပ်တည် ဆောင်ရွက်ပေးနေတဲ့ အလုပ်သမားရေးဆောင်ရွက်သူ ဦးညီညီဇော်၊ ဦးသူရိန်အောင်၊ စုစုနွေး၊ ရွှေမညွန့်၊ ခင်ဌေးရီ၊ သန်းသန်းဌေး၊ ရှေ့နေဦးဌေး၊ ဦးဖိုးဖြူ(ခ)ဦးရန်နိုင်အောင်၊ မသီတာနဲ့ အလုပ်သမား အဖွဲ့အစည်း သမဂ္ဂခေါင်းဆောင်တွေ တွေ့ဆုံပြီးတော့ စက်မှုဇုံတွေမှာ ဖြစ်ပေါ်နေတဲ့ အလုပ်သမား ဆန္ဒပြ တောင်းဆိုမှု တွေကို သတိထားကိုင်တွယ်ဆောင်ရွက်ဖို့နဲ့ ကြီးမားတဲ့လှုပ်ရှား တောင်းဆိုမှုတွေကို မလုပ်ဖို့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက ဆွေးနွေးတောင်းဆိုမှုတွေပြုလုပ်သွားတယ်လို့ သိရပါတယ်။
          အဲဒီလို ဆွေးနွေးကြရာမှာ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က အလုပ်သမား တွေ လုပ်အားခ ပြဿနာတွေ၊ အလုပ်သမား အခွင့်အရေး တောင်းဆိုတာတွေကို နားလည်ပါကြောင်းနဲ့ အရင်ကဆိုရင် အဲလို တောင်းဆိုတာတွေမရခဲ့ကြောင်း၊ ပြောင်းလဲတိုးတက်လာတဲ့ အခြေအနေတွေအရ လွပ်လပ်စွာခုလို တောင်းဆိုနိုင်တာဖြစ်ကြောင်း၊ အလုပ်သမားတွေရဲ့တောင်းဆိုဆန္ဒပြခြင်းဆိုတဲ့နေရာမှာ မိမိတို့ရဲ့ဆန္ဒကို တင်ပြသော အဆင့်လောက်သာ ဖြစ်သင့်ပါကြောင်း၊ အခုထက်ပိုမိုတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်လာရင် လက်ရှိအခွင့်အရေးတွေပါ ဆုံးရှုံးသွားနိုင်မှာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်နေတယ် ဆိုပေမဲ့ ခြေလှမ်းအစပင် ရှိသေးကြောင်း၊ အချိန်မရွေးဆိုသလို နောက်ပြန်လှည့်သွား နိုင်ကြောင်း၊ နောက်ဆုတ်မယ့် အနေအထားတွေ ဖြစ်လာနိုင်တာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောထားပြီး ဖြစ်ကြောင်း၊ အလုပ်သမား ဆန္ဒပြမှုတွေကတဆင့် အလုပ်သမားထု အုံကြွလာရင် တိုင်းပြည် အခြေအနေ နောက်ပြန် ဆုတ်သွားနိုင်ကြောင်း၊ ဒါကြောင့် အလုပ်သမားတွေကို သတိနဲ့ ကိုင်တွယ် ဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါကြောင်း၊ အလုပ်သမားတွေ အနေနဲ့ အဓိက ပြဿနာက လုပ်အားခ ဖြစ်တာကို သိထားပြီး ဖြစ်ပါကြောင်း၊ အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလစာ ဥပဒေကြမ်းကို ရှေ့နေချုပ်ရုံး ကိုလည်း တင်ပြထားပြီး ဖြစ်လို့ မကြာခင် ပြဌာန်းပေးမှာ ဖြစ်တဲ့အတွက် ပြဿနာ တစ်ချို့တော့  ပြေလည် သွားနိုင်ကြောင်း၊ ဒါပေမဲ့လက်ရှိအခြေအနေကို ထိန်းထားနိုင်ခြင်း မရှိရင်တော့ အခြေအနေ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်မှာ ဖြစ်ကြောင်း တို့ကို ဆွေးနွေးသွားခဲ့ပါတယ်။
          အဲဒီနောက် ကိုကိုကြီးက အလုပ်သမားတွေရဲ့ အခုဖြစ်ပေါ်နေတဲ့အခြေအနေတွေကို အစိုးရက သိရှိထားပြီးပြီး ဖြစ်တဲ့အတွက် ဖြေရှင်ပေးမယ်ဆိုတာကို ယုံကြည်ပါကြောင်း၊ အခုကာလက ပြောင်းလဲ တာတွေကို စတင်နေတဲ့အချိန်ဖြစ်တဲ့အတွက် အားလုံး အဖက်ဖက်က ပြီးပြည့်စုံတဲ့ အနေအထား ဖြစ်ဖို့ ဆိုတာ မလွယ်သေးကြောင်း၊ မိမိတို့အနေနဲ့လည်း အရင်က ဒီလိုကိစ္စတွေကို ထိပ်တိုက် ရင်ဆိုင်ရပြီး ဖြစ်တဲ့အတွက် နှစ်ဦး နှစ်ဖက်စလုံးမှာ အကျိုးမဖြစ်ထွန်းတဲ့အတွက် အလုပ်သမား ပြဿနာကို စေ့စပ် ညှိုနှိုင်း ဆောင်ရွက်ခြင်းမျိုးနဲ့သာ လုပ်ဆောင်သင့်ကြောင်း၊ နိုင်ငံရေးနောက်ပြန်လှည့်သွားရင် တိုင်းပြည် အတွက်မကောင်းကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
          ဒီလို (၈၈) ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်နဲ့ ကိုကိုကြီး တို့တွေ အနေနဲ့ နိုင်ငံရေး နောက်ပြန်လှည့်သွားမှာကို ကြောက်စိတ်နဲ့ ပြည်သူလူထု အလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေး လွပ်လပ်စွာ ဆန္ဒပြတောင်းဆိုမှုတွေကို လိုက်လံပိတ်ပင်တာဟာ တစ်ကိုယ်ကောင်းဆန် စိတ်နဲ့ ဆွေးနွေးနေခြင်းပဲဖြစ်ပါတယ်။

No comments:

Post a Comment