Monday 7 November 2011

NLDအနေနဲ့ အခုချိန်မှာမှတ်ပုံတင်ခြင်းကမှန်ကန်တယ်လို့ရွေးချယ်လျှင် အရင်တုန်းကမှတ်ပုံမတင်ခဲ့ခြင်းက မှားယွင်းခဲ့ကြောင်း ဝန်ခံရမည်ဟု ဒီငြိမ်းပါတီမှပြောကြား


NLD ပါတီအနေနဲ့ အခုချိန်မှာ မှတ်ပုံတင်ခြင်းက မှန်ကန်တယ်လို့ ရွေးချယ်လျှင် အရင်တုန်းက မှတ်ပုံမတင်ခဲ့ခြင်းက မှားယွင်းခဲ့ကြောင်း ဝန်ခံရမည်ဟု ဒီငြိမ်းပါတီ (ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ) မှ ဦးမျိုးညွန့် မှပြောကြားလိုက်ပါတယ်။

NLD ဟာ အရင်ကတည်းက မှတ်ပုံတင်သင့်သော်လည်း မှတ်ပုံမတင်ခဲ့ကြောင်း၊ အနှစ် ၂၀ ကျော် ဒီမိုကရေစီလှုပ်ရှားမှုမှာ NLD အပါအဝင် တခြား ဒီမိုကရေစီ ပါတီအားလုံးရဲ့ အဖြစ်မရှိမှုကြောင့် ဘာမှ မယ်မယ်ရရဖြစ်မလာခဲ့ကြောင်း၊ ၂၀၀၈ အခြေခံဥပဒေကို အရှိအတိုင်း လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲကို မှတ်ပုံတင် ဝင်ရောက်ခြင်းကသာလျှင် ဝေဒနာ အနည်းဆုံးနဲ့ ဒီမိုကရေစီကို သွားတဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တာကြောင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ အနေနဲ့ ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကြောင်း၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဒီလမ်းကို မရွေးခဲ့တာကြောင့် မှားယွင်းခဲ့ကြောင်း၊ အခုချိန်မှာ အဲဒီအမှားကို ပြင်သင့်ပါကြောင်းအပြင် NLD အနေနဲ့ မှားယွင်းခဲ့ကြောင်းလည်း နိုင်ငံတော်၊ ပြည်သူလူထုနဲ့ ပြည်ထောင်စုတစ်ခုလုံးကို ဝန်ခံပြီးမှ မှတ်ပုံတင်ဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

NLD ဟာ ၂၀၁၀ ခုနှစ် နိုဝင်ဘာ (၇) ရက်နေ့က ရွေးကောက်ပွဲ ကျင်းပစဉ်မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့ပါတယ်။ NLD ထဲမှ လူငယ်အချို့ကတော့ NLD ကို စွန့်ခွာပြီး NDF ပါတီ ကို တည်ထောက်ကာ ပါတီ မှတ်ပုံတင်၍ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။
အဲဒီချိန်တုန်းကတော့ ပြည်တွင်း ပြည်ပ မှာရှိတဲ့ အတိုက်အခံ အင်အားစုများနဲ့ အတိုက်အခံ မီဒီယာတွေ အားလုံးက ရွေးကောက်ပွဲ မဝင်သင့်ကြောင်းနဲ့ ပါတီ မှတ်ပုံမတင်သင့်ကြောင်း တွေကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပေမယ့် အခုချိန်ကျပြန်တော့လည်း ပါတီကို မှတ်ပုံတင်သင့်ကြောင်းတွေကို ပြန်လည်ဖော်ပြနေကြတာ တွေ့ရပါတယ်။ ဒါ့အပြင် အရင်တုန်းက NLD ကို စွန့်ခွာသွားသူတွေကိုလည်း ရှုံ့ချခဲ့ကြပြီး ၊ လွှတ်တော်ထဲရောက်မှ တိုက် မည်ဆိုသည့် စကားကို လှောင်ပြောင်ခဲ့ကြတာတွေရှိခဲ့ပါတယ်။ အခုချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို စွန့်ခွာသွားသူတွေအတိုင်း လိုက်လုပ်သင့်ကြောင်းနဲ့ လွှတ်တော်ထဲရောက်မှ တိုက်သင့်ကြောင်းတွေ ကို ရှေ့မျက်နှာနောက်ထားပြီး ပြန်လည် ဝေဖန်လာကြပြန်ပါတယ်။

NLD ပါတီ မှတ်ပုံ တင်ရေး၊ မတင်ရေးအတွက် မနက်ဖြန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဆုံးဖြတ်မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်ခဲ့တာ တစ်နှစ် ပြည့်တဲ့အထိ ဘာမှ ရေရေရာရာ လုပ်ပြနိုင်သေးခြင်း မရှိသေးပါဘူး။ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် အရေးမပါတဲ့ ဓာတ်ပုံပြပွဲ၊ ကာရာအိုကေဆိုပွဲ၊ ကဗျာပြိုင်ပွဲ၊ ရုပ်ရှင်ပြပွဲ၊ ပန်းချီပြပွဲတွေနဲ့ ကန်တော့ပွဲတွေကိုတော့
NLD ပါတီ အတွင်းမှာလစဉ် ကျင်းပ လျှက်ရှိပါတယ်။

No comments:

Post a Comment