Tuesday 18 October 2011

ပြည်သူချစ်သော အနုပညာသည်များနှင့် နိုင်ငံရေးအရ မှန်ကန်မှု (Political Correctness)

မြန်မာသံတော်ဆင့်
(လူရွှင်တော် ဇာဂနာက လွှတ်တော် အမတ်များကို အိုင်ကျူ ၅၀% ပဲ ရှိတယ်ဆိုပြီး ပျက်လုံး ထုတ်ခဲ့တဲ့ အပေါ် မြန်မာ သံတော်ဆင့်ရဲ့ အမြင်ဖြစ်ပါတယ်။ ကျွန်တော်ကတော့ တစ်ယောက် ယောက်ကများ ဇာတ်သဘင် ပညာရှင်တွေဟာ ဖက်ခွက်စားဖြစ်လို့ ဉာဏ်ရည် ၄၀% ပဲရှိတယ်လို့ ပျက်လုံး ထုတ်ခဲ့ရင် ဇာဂနာ ဘာပြောမလဲလို့ပဲ စဉ်းစားမိပါတယ်။ ပျက်လုံး ထုတ်တဲ့ နေရာမှာလည်း လိုက်နာရမယ့် စည်းကမ်းတွေ၊ ကျင့်ဝတ်တွေ ရှိတယ် ထင်တာ ပါတယ်။)
စစ်အာဏာရှင် စနစ်အောက်က မြန်မာပြည်တွင် အောင်ဆန်းစုကြည်ပြီးလျှင် ဒုတိယမြောက် တိုင်းပြည် အသည်းစွဲ ပုဂ္ဂိုလ်သည် ယခင်အပါတ်က ထောင်က လွတ်လာသူ လူရွှင်တော် ဇာဂနာ ဖြစ်သည်။ အခြား နာမည်ကြီး တစ်ဦးဖြစ်သူ မင်းကိုနိုင်မှာ ကျောင်းသား အသိုင်းအ၀ိုင်းတွင်သာ ပိုလူကြိုက်များ၍ တစ်ပြည်လုံး အနေတွင် တတိယ နေရာ လောက်မှာသာ ရှိသည်။
လူရွှင်တော် ဇာဂနာကို တိုင်းပြည်က အသဲစွဲကြခြင်းမှာ သူတို့ကိုယ်စား အာဏာရှင် စနစ်ကြီးကို ရဲရဲတောက် တိုက်ယုံမက တိုက်စွမ်းရည်လည်း ထက်မြက်သူ ဖြစ်နေ၍ ဖြစ်သည်။ ခေတ်စံနစ်ကို သရော် လှောင်ပြောင်သော သူ့ပြက်လုံးများသည် နောင်ဆယ်စုနှစ်များစွာ အထိ လူတွေ ပါးစပ်ဖျားတွင် ပြောစမှတ် ပြုနေဦးမည်မှာ သေချာသည်။
ဇာဂနာသည် အလုပ်အားဖြင့် လူရွှင်တော်/ ဖျော်ဖြေရေးသမား (Comedian/ public entertainer) အသွင် ယူထားသော်လည်း သူ၏ တကယ့် အနှစ်သာရမှာ နိုင်ငံရေး ဝေဖန်သူ (critics) ဖြစ်လေသည်။
ယခုတစ်ကြိမ် သူထောင်ထဲမှာ ကြာခဲ့သော အချိန်သည် ပထမအကြိမ်ထက် အများကြီး ပို၍ တိုတောင်းသော်လည်း တိုင်းပြည်၏ အရေးကြီးသော နိုင်ငံရေး စခန်းဆင့် ပြောင်းလဲမှုတရပ် ဤကာလတွင် ဖြစ်ပေါ်ခဲ့သည်။ စင်စစ် ဤပြောင်းလဲမှု၏ အကျိုးဆက်ကြောင့် သူအပါအ၀င် နိုင်ငံရေး သမားများ၏ ထောင်ကျ ကာလ ယခင်အကြိမ်များထက် အများကြီး ပို၍ တိုတောင်း သွားခြင်း ဖြစ်သည်။
သို့သော် ‘အပြောင်းအလဲ’ နှင့်အတူ ‘အုပ်စိုးရေး အဟောင်း’ကိုပါ တွဲဖက်၍ (Continuity within the change) ကို အခြေခံ ဥပဒေသစ်တွင် ထည့်သွင်း၍ အခိုင်အမာ လုပ်ထားသည်။ ပြောရလျှင် မြန်မာ စစ်အာဏာရှင် စံနစ်သည် အပြီးသပ် နိဂုံးချုပ်ဘို့ အများကြီး လိုသေးသည်။ လူရွှင်တော် ဇာဂနာအတွက်လည်း ပြက်လုံး လုပ်စရာတွေ အများကြီး ကျန်သေးသည်။
ပွင့်ပွင့်လင်းလင်း ပြောကြစတမ်း ဆိုလျှင် အခြေခံဥပဒေသစ်တွင် နိုင်ငံရေးအရ မသတီစရာ အချက်များ ပါနေသည်။ ထို့ကြောင့်ပင် မူကြမ်းဘ၀မှာ ကန့်ကွက်သံတွေ ဆူညံနေခဲ့သည်။ သို့ သော် တိုင်းပြည်က ဘာကြောင့် လက်ခံခဲ့သနည်း။
ပထမအဖြေမှာ ‘ဘာထူးမှာလဲ၊ ငြင်းလို့ မှမရပဲ’ ဟူ၍ဖြစ်သည်။
ဤအဖြေသည် မှန်သင့်သလောက် မှန်သော်လည်း သာမန် အများသိ (commonsense) ဖြစ်သည်။ ပို၍ အဓိကကျသော ဒုတိယ အဖြေက နိုင်ငံရေး အသိမှလာသည်။
၎င်းမှာ အခြေခံ ဥပဒေသစ်သည် ‘ဥပဒေ’ ဖြစ်နေသောကြောင့် ဖြစ်သည်။
‘ဥပဒေ အထက်ရောက်နေသူ တစ်စု’ က ‘အမိန့် ပေး၍ အုပ်ချုပ်ခြင်း’ကို ခံနေရမည့်အစား အုပ်ချုပ်မည့်သူ မည်သူဖြစ်စေ အုပ်ချုပ်သူ- အုပ်ချုပ်ခံ နှစ်ဦးစလုံးကို ဥပဒေတစ်ခုဖြင့် စည်းနှောင်၍ ‘ဥပဒေအရ အုပ်ချုပ်ခြင်း’ (Rule of law) ဖြင့် အစားထိုး လိုက်နိုင်ခြင်းသည် ကြီးမားသော တဆင့်တက်ခြင်း ဖြစ်သည်။
ဤအကြောင်းကြောင့်ပင် စစ်အစိုးရများကို တလျှောက်လုံး ဆန့်ကျင်လာခဲ့သူ၊ အခြေခံဥပဒေသစ် အတည် မဖြစ်ခင်အထိ ကန့်ကွက်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည်ပင် ထိုဥပဒေ အတည် ဖြစ်ပြီးသွားချိန် (done deal) တွင် ပေါ်လာသော အခင်း အကျင်းသစ်၌ သူမ တလျှောက်လုံး တောင်းဆိုလာခဲ့သော ‘ဥပဒေ ဖြင့် အုပ်စိုးခြင်း’ကို စတင် နိုင်ကောင်းသည်ဟု ယူဆ၍ ဦးသိန်းစိန် အစိုးရအား ပူးပေါင်း ဆောင်ရွက်မှု ပေးကြည့်ရန် စဉ်းစားတာ ဖြစ်နိုင်သည်။
သူမနည်းတူ မြောက်များစွာသော တိုင်းရင်းသားများ၊ မြန်မာ အာဏာရှင် စံနစ်ကြီး စတင်မွေးဖွားချိန် ၁၉၆၂ လောက်က မွေးခဲ့ကြ၍ ယခုအသက် ၅၀ တန်း ရောက်နေသော မျိုးဆက်များကလည်း လက်တွေ့ နိုင်ငံရေး (pragmatism) အရ လွှတ်တော်ထဲ ရောက်အောင် သွားကြကာ သူတို့ တစ်သက် တိုင်းပြည်၌ မရှိဘူးသေးသော အရပ်သား နိုင်ငံရေးကို လမ်းထွင် (pioneering) နေကြသည်။
ဆရာဝန်၊ ရာဇ၀တ်မှုလိုက် ရှေ့ နေ၊ စာရေးဆရာ၊ နိုင်ငံရေး အကျဉ်းသား တဖြစ်လဲ အမတ်များသည် လွှတ်တော်ထဲတွင်- သဘာဝ ကျစွာပင် - မေးခွန်းလား၊ အဆိုပြုချက်လား မကွဲပြားသော စကားမျိုးဖြင့် ထမေးသူ ရှိသလို၊ ရပ်ကွက်ထဲက ကိစ္စလောက်ကို လွှတ်တော်ထဲ ယူလာမိသူတွေလည်း ပါသည်။
သူတို့ မေးသော ကိစ္စများကို ပြန်ဖြေသူ စစ်ဗိုလ်လူထွက် ၀န်ကြီးများက မေးခွန်းနှင့် မဆိုင်သော ကိုယ်ရည်သွေး စကားများ ပြောကာ မထေမဲ့မြင် ပြုတာကို ခံနေကြရသည်။
သူတို့ သည်တော်လို့ တတ်လို့ထက် သမိုင်းက ပေးသော တာဝန်ကို သိလို့ ၀င်လုပ် နေကြသူတွေက များသည်။ ဒီမိုကရေစီကို တောင်းယူ၊ တိုက်ယူလို့ မဖြစ်နိုင်သော တိုင်းပြည်တွင် ကိုယ်တိုင် တည်ဆောက်ယူ (လုပ်ယူ) နေကြခြင်း ဖြစ်သည်။ စစ်အာဏာပိုင်များထံတွင် ဒီမိုကရေစီ အသင့်ရှိနေပြီးသား မဟုတ်။
ဤလွှတ်တော် ကိုယ်စားလှယ်များကို အိုင်ကျူ ၅၀ ပဲ ရှိသူများဟု သရော်လိုက်သော လူရွှင်တော် ဇာဂနာသည် သူကိုယ်တိုင်က နိုင်ငံရေး ပြဿနာများကို ဦးနှောက် ချောက်ခံ၍ စဉ်းစားခြင်း (brainstorming) လုပ်လေ့ ရှိဟန်မတူဘဲ ပြက်လုံး ထုတ်စရာ ကုန်ကြမ်း များလောက်သာ သဘောထားပုံရသည်။
သူ့ ပြက်လုံးအရ သူသည် လွှတ်တော် ကိုယ်စားလှယ်များကို အထင်မကြီးသည်မှာ ထင်ရှားသည်။
ဇာဂနာနည်းတူ လွှတ်တော် ကိုယ်စားလှယ်များကို အထင်မကြီးနိုင်သူ အခြား လူတစ်ဦးမှာ အမှတ်(၁) လျှပ်စစ်ဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးဇော်မင်း ဖြစ်သည်။
နိုင်ငံရေးအရ ‘ဘက်’ တစ်ဖက်စီ ဖြစ်နေကြသော်လည်း မြင်ပုံချင်း တူနေကြသည်မှာ ဆန်းသည်။
သူ့ပြက်လုံးသည် လွှတ်တော် ကိုယ်စားလှယ် တစုံတစ်ယောက်၏ နိုင်ငံရေး လုပ်ရပ်တစ်ခုခုကို သရော်ခြင်း မဟုတ်။ လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်နေသူ အားလုံးကို သိမ်းကျုံး၍ ‘လူ’ ကို ပုတ်ခတ်ခြင်း ဖြစ်သည်။
လွှတ်တော် ကိုယ်စားလှယ် အများစုသည် ကြံ့ခိုင်ရေး ပါတီဝင်များ ဖြစ်ကြသည် ဆိုစေဦး အသားလွတ် လှောင်ပြောင် သရော်ရန် အကြောင်းမရှိ။ အနောက်ဒီမိုကရေစီ ရင့်ကျက်နိုင်ငံများတွင် လူသိထင်ရှား လိင်တူ ဆက်ဆံ အကျင့်ရှိသူ ပါလီမန် အမတ်များနှင့် ထိပ်တန်းရောက် ဘာသာရေး ခေါင်းဆောင်များ၊ တရားဝင် ခွင့်ပြုလက်မှတ်ရ အပ်ကိုင် မူးယစ်ဆေးဝါး သုံးစွဲနေသူများ၊ အလုပ်မလုပ်ဘဲ အစိုးရ ထောက်ပံ့ကြေး (welfare) ထိုင်စား နေသူများကိုပင် ဥပဒေက လူတိုင်းနှင့် တန်းတူ ထားပေး၍ တလေးတစား ဆက်ဆံစေသည်။
မြန်မာပြည်တွင် ကြံ့ခိုင်ရေး အမတ်များထဲမှ၎င်း၊ တပ်မတော် အရာရှိ ကိုယ်စားလှယ်များထဲမှ၎င်း၊ တတိယ အင်အားစု ပါတီများမှ အမတ်များထဲမှ၎င်း၊ ဒီမိုကရေစီရေး နောက်ကြောင်း ပြန်အောင် အားထုတ်နေသူ ဟူ၍ လွှတ်တော်ထဲတွင် မတွေ့ရသေး။ သူတို့ အထဲတွင် ကိုဇာဂနာ၏ အနုပညာ ပရိသတ် အများအပြားလည်း ပါဝင်ကြမည်မှာ သေချာသည်။
ကနေ့ လူတိုင်း သိနေကြသည်မှာ အုပ်စိုးသူများ ဘက်ခြမ်းတွင် လက်ရှိထက် ပို၍ မလိုက်လျှော လိုတော့သော ‘တင်းမာသူများ’နှင့် တိုင်းပြည်၏ အာရုံကို ဗရမ်းဗတာ နိုင်ငံရေးထက် နည်းလမ်း တကျနှင့် ပို၍ တရားဝင်သော လွှတ်တော်တွင်း နိုင်ငံရေးဘက်ကို ပို၍ အာရုံ ကျရောက်စေလိုသော ‘ပျော့ပြောင်းသူများ’ အကြား အားပြိုင်မှု ပို၍ပြင်းထန် လာစရာ အကြောင်း ရှိနေသည့် အချက် ဖြစ်သည်။
အကျဉ်းသားများ လွှတ်ရေး နှောင့်နှေး နေခဲ့သည်မှာ ဤအားပြိုင်မှုကြောင့် ဖြစ်ပြီး မီဒီယာ၏ ဆော်သြမှုမျှဖြင့် မလုံလောက်၍ လွှတ်တော် ကိုယ်စားလှယ်များကပါ လွှတ်တော်တွင်း၌ ထပ်၍ တောင်းဆိုခဲ့သဖြင့် ဇာဂနာတို့တတွေ အပြင် ရောက်လာခြင်း ဖြစ်သည်။ ကျန်နေသူတွေ ဆက်ထွက် လာနိုင်ရေးကိုလည်း အထိရောက်ဆုံး နေရာ ဖြစ်သော လွှတ်တော်ကပင် ဆက်လုပ်ရဦးမည်။
ထိုအချိန်တွင် လွှတ်တော် ကိုယ်စားလှယ်တွေကို ပြောင်လှောင် သရော်လိုက်ခြင်းသည် လူအနေနှင့် ဆိုလျှင် ကျေးစွပ်ရာ ရောက်သလို နိုင်ငံရေးအရ ဆိုလျှင် ဘက်မှား၍ ကူညီမိရာပင် ရောက်နေသည်။
ထို့ကြောင့် ဤစကား တစ်ခွန်း အတွက်သူ့ အနေဖြင့် ပြန်၍ တောင်းပန်သင့်သည်။ အထူးစီစဉ်စရာ မလို၊ ကြုံရာ ပွဲတစ်ခုခုမှ နေ၍ လူသိရှင်ကြား ‘I am sorry.’ လုပ်ရုံမျှဖြင့် ပြီးနိုင်သည်။
ဒီမိုကရေစီ နိုင်ငံများတွင် ‘ပရိသတ်ရှိသူ’ တိုင်း အမြဲ သတိထားရသော အချက်တစ်ခုရှိသည်။
၎င်းမှာ နိုင်ငံရေးအရ မှန်ကန်မှု (political correctness) ဖြစ်သည်။
၎င်းသည် အချိန်နှင့်အမျှ ပြောင်းလဲနေသော အသေးစိတ် အခြေအနေ (changing political contexts) အပေါ် မူတည်သည်။ ကိုယ်ယုံကြည်ရာ ၀ါဒ (ideology) နှင့် မြန်မာနိုင်ငံရေး လောကတွင် ခေတ်စားနေသော ဘက်လိုက် ရပ်တည်မှု (partisanship) အပါအ၀င် အခြား ဘယ်အရာပေါ်တွင်မျှ မူမတည်။
ဒီမိုကရေစီ လွတ်လပ်ခွင့်များကို အလွဲသုံးမှုတွေ များလာလျှင် “အရူးထောင်ဖွင့်ပွဲ” လို ဖြစ်သွားနိုင်ကြောင်း ယခင် ဆောင်းပါး တစ်ပုဒ်၌ ထောက်ပြခဲ့ဘူးသည်။
ဇာဂနာကဲ့သို့ ပြည်သူ ချစ်သော အနုပညာသည်နှင့် ထင်ရှားသော ခေတ်စံနစ် ဝေဖန်ရေး သမားတစ်ဦးပါ ဤစာရင်းထဲ ပါနေလျှင် အတုယူသူ များလာနိုင်သည်။ ထိုအခါစစ်တပ်၏ ‘စည်းကမ်းရှိသော ဒီမိုကရေစီ’ ဆိုသည့် ဘောင်ခတ်ရေးက အသာစီး ရသွားနိုင်သည်။
မြန်မာသံတော်ဆင့်

No comments:

Post a Comment