Thursday 15 October 2015
မိသားစုများ ပြန်လည် တွေ့ဆုံရေး အစီအစဉ်အတွက် တောင်ကိုရီးယား ရှေ့ပြေးအဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်
ကွဲကွာခဲ့သည့် မိသားစုများ ပြန်လည် ပေါင်းစည်းပေးရေး အစီအစဉ်အရ တောင်ကိုရီးယား အစိုးရ စေလွှတ်သည့် အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားသို့ ကြိုတင် ဝင်ရောက်သွားကြောင်း သိရှိရသည်။
စစ်အတွင်းက ကွဲကွာသွားသည့် မိသားစုများ ပြန်လည် တွေ့ဆုံပေးရေး အစီအစဉ် တစ်ရပ်ကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံ သဘောတူညီထားပြီး လာမည့်သီတင်းပတ်တွင် အကောင်အထည် ဖော်မည် ဖြစ်သည်။ အောက်တိုဘာ ၁၅ တွင်မူ တောင်ကိုရီးယား အစိုးရက လူ ၂၅ ဦး ပါဝင်သည့် အဖွဲ့တစ်ခုကို မြောက်ကိုရီးယားထံ စေလွှတ်လိုက်ကြောင်း ကြေညာခဲ့သည်။
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက စိတ်လှုပ်ရှားဖွယ်ရာ ပြန်လည်ဆုံတွေ့မှု အခမ်းအနားအတွက် ကြိုတင်စီစဉ်ရန် ကြက်ခြေနီ အဖွဲ့ဝင် ၁၄ ဦးနှင့် ပြင်ဆင်ထိန်းသိမ်းရေး ဝန်ထမ်း ၁၁ ဦးတို့ကို ကြိုတင် ပို့ဆောင်ထားခြင်းဟု ဆိုသည်။ ကိုရီးယား ကျွန်းဆွယ်စစ်ပွဲအတွင်း စစ်ပြေးရင်း ကွဲကွာသွားသည့် မိသားစုများကို အောက်တိုဘာ ၂၀ တွင် ပြန်လည် တွေ့ဆုံပေးရန် စီစဉ်ထားပြီး ယင်းသည် ၅ နှစ်အတွင်း အလားတူ အစီအစဉ် တစ်ရပ်ကို ပထမဆုံးအကြိမ် အကောင်အထည် ဖော်နိုင်ခြင်း ဖြစ်သည်။
တောင်ကိုရီးယား ရှေ့ပြေးအဖွဲ့အနေဖြင့် အစီအစဉ် ကျင်းပမည့် မြောက်ကိုရီးယားပိုင်း ကွမ်ဂန်း တောင်ပေါ်စခန်းတွင် ကြိုတင်သွားရောက်ပြီး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေမည်ဟု ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဆိုသည်။
တောင်နှင့်မြောက် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုများ ဖြစ်ပေါ်ခဲ့စဉ် ယခုအစီအစဉ်ကို ဖျက်သိမ်းပစ်မည်ဟု မြောက်ကိုရီးယားက အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့သော်လည်း အပြီးသတ်တွင်မူ လက်တွေ့ ဖြစ်မြောက်ရန် နီးစပ်လာခြင်း ဖြစ်သည်။
_Ref: CNA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment