Thursday 15 October 2015

အရည်အသွေးမပြည့်မီသည့် ငှက်ဖျားဆေးများကြောင့် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ်ထိခိုက်နိုင်


အရည်အသွေးမပြည့်မီသော ငှက်ဖျားဆေးအတုများသည် ဆေးယဉ်ပါးခြင်းနှင့် အသက်အန္တရာယ် ထိခိုက်ခြင်းများ ဖြစ်ပွားနိုင်သောကြောင့် FDA အမှတ်အသားပါမှသာ ဝယ်ယူသုံးစွဲသင့်ကြောင်း ဆေးပညာရှင်များက အကြံပြု ပြောကြားသည်။ဆေးဈေးကွက်အတွင်းသို့ အိန္ဒိယနှင့် တရုတ်နယ်စပ်များမှ ငှက်ဖျားဆေးဝါးအတုများ ဝင်ရောက်နိုင်ခြင်းကြောင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA)က အသိအမှတ် ပြုစစ်ဆေးထားသည့် Myanmar Registration Number (MRN) နံပါတ်ပါရှိသော ဆေးမှသာ စိတ်ချရကြောင်း အင်းစိန်ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာမာမာကြည် က အကြံပြုသည်။
‘‘ဆေးအတုတွေက အလွန်ကို အန္တရာယ်ရှိပါတယ်။ အဆိုးရွားဆုံးကတော့ ရာနှုန်းပြည့်သေသွားနိုင်တယ်။ ပြောရရင် ရာနှုန်းပြည့်စံနှုန်းမမီဘူး။ သွေးထဲမှာ ငှက် ဖျားပိုးတွေ ပျံ့နေတဲ့သူကို ထိုးမိမယ်၊ သောက်မိမယ်ဆိုရင် မကောင်းဘူး။ အသက်သေနိုင် တယ်။ ဒါကြောင့် ဆေးမှာ FDA အသိအမှတ်ပြု နံပါတ်ပါတဲ့ သောက်ဆေး၊ ထိုးဆေးဆိုရင် ဒီဆေးက အစစ်ပဲ။ အခုဆေးဈေး ကွက်ထဲမှာ ဆေးဝါးအတုတွေရဲ့ အန္တရာယ်က တော်တော်သတိ ထားရမယ်။ မရှိဘူး မဟုတ်ဘူးရှိ တယ်။ နယ်စပ်ပေါက်တွေက ဝင်လာတယ်လို့ ယူဆရတယ်’’ဟု ၎င်းက ပြောသည်။

ယင်းငှက်ဖျားဆေးဝါးအတုများကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြင်းအပြင် အာတီ မီစင်နင်းဆေးယဉ်ပါးခြင်းလည်း ဖြစ်ပေါ်နိုင်သည်။ ထိုကဲ့သို့ မဖြစ် ပေါ်စေရန် အရည်အသွေး ပြည့်မီ သော ငှက်ဖျားဆေးကို ဆေးပတ်လည်အောင် သုံးစွဲပေးရန် လိုအပ် ကြောင်း ဆရာဝန်ကြီးအချို့က တိုက်တွန်းသည်။

‘‘ဆေးသောက်တဲ့အခါမှာ တစ်မျိုးတည်း ဆေးမဟုတ်ဘဲ ပေါင်းစပ်ထားတဲ့ ငှက်ဖျားဆေးပေါင်းကို ဆေးပတ်လည်အောင် သောက်ဖို့ လိုပါတယ်။ ဆေးပတ်လည်အောင် မသောက်ဘဲနဲ့ ဆေးရပ်လိုက်ရင် ဆေးယဉ်ပါးတာမျိုးတွေ ဖြစ်လာနိုင်တယ်’’ဟု ကျန်းမာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီး၊ ခြင်မှတစ်ဆင့် ကူးစက် တတ်သော ရောဂါနှိမ်နင်းရေး (ရပကန) လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာအေးမွန်မွန် ကျော်က ပြောသည်။

လက်ရှိတွင် ဆေးရုံဆေးခန်းများမှ သုံးစွဲသော ငှက်ဖျားဆေးဝါးများမှာ ကိုအာတန်၊ ပဒုမ္မာနှင့် အာတီဖန်တို့ဖြစ်ကြသည်။ အဆို ပါငှက်ဖျားဆေးများ သုံးစွဲမည်ဆို ပါက ကျန်းမာရေးစောင့်ရှောက်သူ များ ညွှန်ကြားသောဆေးများသာ သုံးစွဲခြင်း၊ ငှက်ဖျားရောဂါမဖြစ် ပွားစေရန် ဆေးစိမ် ခြင်ထောင်နှင့် အမြဲအိပ်ခြင်း၊ ငှက်ဖျားရောဂါ လက္ခဏာဖြစ်ပွားလျှင် တတ်ကျွမ်းနားလည်သော ကျန်းမာရေးစောင့်ရှောက်သူများ၏ ထိရောက်သော ကုသမှုကို ၂၄ နာရီအတွင်း ခံယူ ခြင်းများ ဆောင်ရွက်ရမည်ဖြစ်သည်။

ငှက်ဖျားရောဂါသည် ငှက်ဖျားရောဂါပိုးသယ်ဆောင်သော အနောဖလိခြင် ကိုက်ခံရခြင်းမှ ကူးစက်နိုင်သည့် ရောဂါတစ်ခုဖြစ်သည်။ ကူးစက်နိုင်ခြေရှိသည့် အုပ်စုများမှာ ကိုယ်ဝန်ဆောင်မိခင်များ၊ မူးယစ်ဆေးထိုးသွင်းသူများ နှင့် သွေးသွင်းသူများတို့ဖြစ်သည်။ လက္ခဏာများမှာ ချမ်းတုန်ဖျား ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းများ ဖြစ်ပွားတတ်သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ အထိ ငှက်ဖျားရောဂါဖြစ်ပွားသူဦးရေ နှစ်သိန်းကျော်ရှိပြီး ကမ္ဘာပေါ်၌ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများတွင် ငှက်ဖျားဖြစ်ပွားနှုန်း အမြင့်မားဆုံး ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
7 day

No comments:

Post a Comment