Thursday 15 October 2015

ကရင်ပြည်နယ်ရှိ ကလေးများ အာဟာရဖွံ့ဖြိုးရန် အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်မည်


ကရင်ပြည်နယ်ရှိ ကလေးသူငယ်များ အာဟာရဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ အဆင့်သုံးဆင့်ဖြင့် လာမည့်နှစ်မှစတင်ကာ ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ယင်းပြည်နယ်တွင် ဆောင်ရွက်ရခြင်းမှာ အာဟာရဖွံ့ဖြိုးမှု နောက်ကျခြင်းနှင့် အာဟာရချို့တဲ့မှု များပြားခြင်းတို့ကြောင့်ဖြစ်ပြီး ယင်းအစီအစဉ်ကို ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီး ဌာနများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားအာဟာရ ဖွံ့ဖြိုးရေးနှင့် သုတေသနဌာန ဒုညွှန်မှူး ဒေါက်တာထင်လင်းက ပြောသည်။‘‘အာဟာရချို့တဲ့မှုများတဲ့ နေရာဒေသရွေးလိုက်တဲ့အခါမှာ မကွေး၊ ချင်း၊ ရခိုင်၊ ဧရာဝတီ၊ ကရင်ဆိုပြီး ထွက်လာတယ်။ ဒါ ကြောင့် နောက်နှစ်မှာ ကရင်မှာ လုပ်ဖို့ရှိတယ်။ လုပ်တဲ့အခါမှာ ပိုမိုထိရောက်တဲ့ နည်းစနစ်ကျင့်သုံးဖို့ အတွက် ရည်ရွယ်ပြီး အဆင့်သုံး ဆင့်နဲ့ ဆောင်ရွက်မှာပါ’’ဟု ၎င်း က ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနကပထမအဆင့်အနေဖြင့် အသက် (၃) နှစ်အောက် ကလေးငယ်များအား အနုအာဟာရ အားဆေးမှုန့်နှင့် သံဓာတ်အားဆေးများ အခမဲ့ တိုက်ကျွေးခြင်း၊ ဒုတိယအဆင့် အနေဖြင့် လူမှုအဖွဲ့အစည်း (PSI) နှင့်ပူးပေါင်း၍ ကုန်ကျစရိတ် ထက် ဝက်ကျခံစနစ်ဖြင့် ဆောင်ရွက် ခြင်း၊ တတိယအဆင့်အနေဖြင့် ဈေးကွက်အတွင်း၌ လူတိုင်းလက်လှမ်းမီသော ဈေးနှုန်းဖြင့် ဝယ်ယူ သုံးစွဲနိုင်၍ ဆောင်ရွက်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း ဒေါက်တာ ထင်လင်းက ဆက်လက်ပြော သည်။

‘‘ပထမ အခမဲ့ တိုက်ကျွေး မယ်။ ဒုတိယအဆင့်ကျရင်တော့ အခမဲ့ မဟုတ်တော့ဘူး။ တစ်ဝက်ကျခံစနစ်နဲ့သွားမယ်။ တတိယကျ ရင်တော့ ကျသင့်တန်ဖိုးထက် လျှော့ပြီး ဝယ်ယူလို့ရအောင် ပုဂ္ဂလိကဆေးစင်တာတွေဖွင့်ပြီး ဖြန့်ဝေသွားမယ်။ ဒီလိုမျိုးလုပ်ခြင်း က ပြည်သူလူထုအနေနဲ့ အာဟာ ရကျေးဇူးတွေ သိသွားမယ်။ လိုအပ်ချက်နဲ့အညီ ဝယ်ယူလို့ရ မယ်။ ပြီးတော့ နိုင်ငံတော်အနေနဲ့ လည်း တစ်နိုင်ငံလုံးကို အာဟာရ လွှမ်းခြုံနိုင်မှာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြောသည်။

ယင်းမှာ ပေါင်းစည်းအာဟာ ရဖွံ့ဖြိုးရေးစီမံချက်ဖြစ်ပြီး တစ် နိုင်ငံလုံးအတိုင်းအတာအရ အာ ဟာရချို့တဲ့မှုများကာ အာဟာရလုပ်ငန်းများ စတင်လုပ်ကိုင်ရန် လွယ်ကူသော နေရာဒေသရွေး ချယ်ရာမှ ၂၀၁၅ တွင် မကွေးတိုင်း၌ အာဟာရစီမံချက်ကို အကောင် အထည်ဖော်ခဲ့ပြီး ၂၀၁၆-၁၇ တွင်မူ ကရင်ပြည်နယ်၌ အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ် သည်။

ယင်းအရပ်ဒေသများတွင် အာဟာရချို့တဲ့မှု များပြားနေရ ခြင်းမှာ အစာရိက္ခာလုံလောက်စွာ မစားသုံးနိုင်ခြင်း၊ မိခင်များ ကျန်း မာရေးအသိပညာအားနည်းခြင်း ကြောင့် မွေးကင်းစကလေးငယ် များအပေါ် လုံလောက်သော ပြုစု စောင့်ရှောက်မှုမပေးနိုင်ခြင်း စသည့်အချက်များကြောင့်ဖြစ် ကြောင်း အာဟာရပညာရှင်ကြီး အချို့က သုံးသပ်သည်။

မြန်မာနိုင်ငံရှိ ကလေးငယ် သုံးဦးလျှင် တစ်ဦးနှုန်းမှာ အရပ်ပု ခြင်း၊ ကလေးငယ်လေးဦးလျှင် တစ်ဦးနှုန်းမှာ ကိုယ်အလေးချိန် လျော့ကျခြင်း (ပေါင်မပြည့်ခြင်း) နှင့် ၁၂ ဦးလျှင် တစ်ဦးနှုန်းမှာ ကိုယ်ခန္ဓာပိန်လှီလျက်ရှိပြီး ၎င်းတို့သည် အာဟာရချို့တဲ့မှုနှင့် ဆက်စပ် လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က ခန့်မှန်းထားသည်။

ထို့အပြင် ကမ္ဘာ့လူဦးရေ သန်းနှစ်ထောင်ခန့်မှာလည်း အာဟာရပြဿနာတစ်ခုခု ခံစားနေကြရပြီး နှစ်စဉ် (၅)နှစ်အောက် ကလေး ၂ ဒသမ ၆ သန်းခန့်မှာ အာဟာရချို့တဲ့မှုကြောင့် သေဆုံး နေရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က သတင်းထုတ်ပြန်သည်။
7 day

No comments:

Post a Comment