Saturday 3 October 2015

မသေဆေး ရှာဖွေ တွေ့ရှိခဲ့ဟု ရုရှား သိပ္ပံပညာရှင် တစ်ဦး ပြောကြား

ရုရှားနိုင်ငံမှ သိပ္ပံပညာရှင်ကြီး တစ်ဦးသည် ထာဝရ အသက်ရှင်မှုကို ပေးအပ်နိုင်သည့် နှစ်သန်းပေါင်း ၃ ဒသမ ၅ သန်းရှိ ဗက်တီးရီးယား တစ်မျိုးကို ၎င်း၏ ကိုယ်ခန္ဓာအတွင်းသို့ ထိုးသွင်းခဲ့ပြီးနောက် ယခင်ကထက် ပိုမို သန်စွမ်းလာ သည့်အပြင် ဖျားနာခြင်းလည်း မရှိကြောင်း ပြောကြားထားသည်။ Bacillus F အမည်ရှိ အဆိုပါ ဗက်တီးရီးယားပိုးကို ခန္ဓာကိုယ်အတွင်း သို့ ထိုးသွင်းခဲ့သော သိပ္ပံပညာရှင်ကြီးဖြစ်သူ အန်နာတိုလီဘရောက်ခ်ျကော့ဗ်သည် ၎င်းပိုးကို ၂ဝဝ၉ ခုနှစ်အတွင်းက ဆိုက်ဘေးရီးယား ဒေသအတွင်းရှိ အကြီးဆုံး ပြည်နယ်ဖြစ်သော ဆာခါ ပြည်နယ်မှ ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်။


ဒေါက်တာ ဘရောက်ခ်ျကော့ဗ်သည် မော်စကိုမြို့ရှိ ကျောက်သားနှင့် မြေသား မြေမျက်နှာ သွင်ပြင်ဆိုင်ရာ လေ့လာရေးဌာနမှ အကြီးအကဲတစ်ဦးဖြစ်ပြီး အဆိုပါ ဗက်တီးရီးယားကို ကြွက်များနှင့် လူသားများ၏ သွေးဆဲလ်များတွင် စမ်းသပ်ခဲ့ ပြီးနောက် ၎င်း၏ ကိုယ်ခန္ဓာအတွင်း သို့ ထိုးသွင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဗက်တီရီးယားကို ထိုးသွင်းပြီး နောက်ပိုင်းတွင် ယခင် ကထက် ပိုမို အလုပ်လုပ်ဆောင်နိုင်သည်ကို တွေ့ရကြောင်းနှင့် ဖျားနာခြင်းကို ခံစားခဲ့ရခြင်း မရှိကြောင်း ဒေါက်တာ ဘရောက်ခ်ျကော့ဗ်က ပြောကြားထားသည်။ အဆိုပါ ဗက်တီးရီးယားသည် ဆိုက်ဘေးရီးယား ဒေသအတွင်းရှိ ရေအရင်းအမြစ်များအတွင်း ပါဝင်နေမှုကြောင့် ယင်း ရေများကို သောက်သုံးလျက်ရှိသော ဒေသခံ များဖြစ်သည့် ယာကွတ် မျိုးနွယ်စုများသည် အခြား နိုင်ငံသားများထက် ပိုမိုအသက်ရှင် နေထိုင်နိုင်သည့် အကြောင်းအရင်း တစ်ရပ်ဖြစ်နိုင် ဖွယ်ရှိကြောင်းနှင့် ယင်းဗက်တီးရီးယားသည် မျိုးပွားနိုင်မှုအတွက် အဓိက အရေးပါသည့် သော့ချက် တစ်ခုဖြစ်လာနိုင်ဖွယ် ရှိကြောင်း သုတေသန ပြုချက်များအရ တွေ့ရှိရသည်ဟု ဒေါက်တာ ဘရောက်ခ်ျကော့ဗ်က သတင်းဌာနတစ်ခုနှင့် ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်း တွင် ပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment