Monday 26 October 2015

ရလဒ် မပြတ်သားသဖြင့် အာဂျင်တီးနား ရွေးကောက်ပွဲ နောက်ဆက်တွဲ ယှဉ်ပြိုင်ရဖွယ်ရှိ

မည်သည့် သမ္မတလောင်းမျှ လုံလောက်သည့် မဲအရေအတွက် မရရှိသည့်နောက် အာဂျင်တီးနား နိုင်ငံတွင် နောက်ဆက်တွဲ ရွေးကောက်ပွဲတစ်ခု ကျင်းပသွားရဖွယ် ရှိနေကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၅ ရက် ရွေးကောက်ပွဲအတွက် မဲများ ရေတွက်ပြီးစီးလုနီးပါး ရှိနေချိန်တွင် ဗဟိုလက်ဝဲယိမ်း သမ္မတလောင်း ဒန်နီရယ်လ် ဆကွိုင်လီက ဗျူနိုအေးရိစ် မြို့တော်ဝန် မော်ရစ်ဟီယို မာကရီကို မဲအရေအတွက် အတန်ငယ် အသာစီးဖြင့် ဦးဆောင်လျက် ရှိသည်။

မဲအားလုံး ရေတွက်ပြီးချိန်တွင် ဆကွိုင်လီ၏ ဦးဆောင်မှုက ပိုမိုပြတ်သားလာမည်ဟု နိုင်ငံရေး အကဲခတ်များက ထင်ကြေးပေးထားသည်။ သို့သော်လည်း အစိုးရ ဖွဲ့စည်းရန် လိုအပ်သည့် မဲအရေအတွက် နှစ်ဖက်စလုံး မရရှိနိုင်သောကြောင့် နိုဝင်ဘာ ၂၂ ရက်တွင် စိတ်မကျေပွဲအဖြစ် နောက်ဆက်တွဲ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

လက်ရှိအချိန်တွင် မဲအားလုံး၏ ၈၆ ရာခိုင်နှုန်း ရေတွက်ထားပြီး ဆကွိုင်လီက ၃၅.၉ ရာခိုင်နှုန်း မာကရီက ၃၅.၂ ရာခိုင်နှုန်း ရရှိထားသည်။ အာဂျင်တီးနား၏ ဖွဲ့စည်းပုံ အခြေခံဥပေဒေအရ သမ္မတလောင်းတစ်ဦးသည် မဲအရေအတွက် ၄၅ ရာခိုင်နှုန်းထိ လိုအပ်ပြီး အနီးဆုံး ပြိုင်ဘက်ပါတီအဖွဲ့အစည်းထက် အမတ်နေရာ ၁၀ နေရာ ပိုမို အသာစီးရရန် လိုအပ်သည်။

“လက်ရှိ အနေအထားကတော့ အာဂျင်တီးနားရဲ့ နိုင်ငံရေး သမိုင်းကြောင်းမှာ အပြောင်းအလဲတွေ ကြုံလာစေတာပါပဲ”ဟု မာကရီက ၎င်းကို အားပေး ထောက်ခံသူများအား ပြောကြားခဲ့သည်။ ယခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထု မဲပေးမှုသည် ဘက်ညီ မျှတနေခဲ့ပြီး လက်ရှိ သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ထားသည့် သမ္မတ ခရစ္စတီးနား ဖာနန်ဒက်ဇ်၏ မဟာမိတ် တစ်ဦးဖြစ်သူ ဆာဂျီယို မက်ဆာမှာလည်း တတိယနေရာမှ ဖိအားပေးနေသည်။ ကျန်သမ္မတလောင်း သုံးဦးမှာမူ ထိပ်တန်းပြိုင်ဘက် သုံးဦးနှင့်ယှဉ်လျှင် သိသာစွာ ကွာဟသွားပြီ ဖြစ်သည်။

သမ္မတသက်တမ်း နှစ်ခုဆက်တိုက် ထမ်းဆောင်ပြီးနောက် ရွေးကောက်ပွဲ ဝင်ခွင့် မရတော့သည့် ဖာနန်ဒက်ဇ်က သူမအနေဖြင့် အာဂျင်တီးနားကို ပိုမိုတိုးတက် ကောင်းမွန်သည့် နိုင်ငံတစ်ခုအဖြစ် နောက်တက်လာမည့် သမ္မတထံ လွှဲပေးနိုင်ခဲ့ကြောင်း ဆိုသည်။

“ဒီနေ့အချိန်မှာ ကျွန်မတို့အားလုံးဟာ သမားရိုးကျ ပြည်သူတွေလိုပဲ မဲပေးနေကြတာ ဖြစ်ပါတယ်။ ကျွန်မ အနေနဲ့ အာဂျင်တီးနားကို သမ္မတအဖြစ် စတင်တာဝန်ယူစဉ်ကထက် ပိုကောင်းမွန် ပြည့်စုံအောင် ဦးဆောင်နိုင်ခဲ့တာကို ဂုဏ်ယူပါတယ်”ဟု သူမက ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အချို့အတွင်း အာဂျင်တီးနား ရွေးကောက်ပွဲများသည် မသမာမှု၊ ဖိအားပေးမှုများနှင့် ပတ်သက်၍ ဝေဖန်ခံရမှုများ ရှိခဲ့ဖူးသည်။ အာဂျင်တီးနားတွင် မဲပေးပိုင်ခွင့်ရှိသူ အရေအတွက် ၃၂ သန်းမျှရှိကြောင်း သိရှိရသည်။

Ref: BBC

No comments:

Post a Comment