Monday 26 October 2015

ကနေဒါတွင် ဝေလငါးကြည့် လှေတစ်စီး နစ်မြုပ်ပြီး ၄ ဦးထက်မနည်း သေဆုံး

ပျောက်ဆုံးနေသူများကို ရှာဖွေနေသည့် ကယ်ဆယ်ရေး အဖွဲ့ဝင်များ
ကနေဒါနိုင်ငံတွင် ဝေလငါးများကို အပျော်တမ်း စောင့်ကြည့်သည့် လှေတစ်စီး နစ်မြုပ်ခဲ့ရာ လူ ၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ကနေဒါ ကယ်ဆယ်ရေး တာဝန်ရှိ အဖွဲ့အစည်းများက ဗြိတိသျှ ကိုလံဘီယာရှိ ဗန်ကူးဗား ကျွန်းမှ တိုဖီနို အနီးတွင် လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်းဟု ပြောကြားခဲ့သည်။ နိုင်ငံအနောက်ပိုင်းတွင် ဖြစ်ပွားသည့် မတော်တဆမှုအတွက် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အဖွဲ့များ ပူးပေါင်းပြီး ကယ်ဆယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သည်။

APနှင့် AFP သတင်းဌာနများက ကယ်ဆယ်ရေး အဖွဲ့များ၏ အဆိုကို ကိုးကားပြီး လှေပေါ်တွင် လူ ၂၇ ဦး လိုက်ပါခဲ့ရာ အနည်းဆုံး ၄ ဦး သေဆုံးကြောင်း ဖော်ပြခဲ့ကြသည်။ သို့သော် သေဆုံးသူများ၏ နိုင်ငံသား ဖော်ပြချက်ကို တိတိကျကျ မသိရသေးချေ။
လတ်တလောတွင် လှေနစ်ပြီး ပျောက်ဆုံးနေသူ အချို့ ရှိနေဆဲဖြစ်ပြီး ၎င်းတို့ကို ဖြန့်ကျက် ရှာဖွေလျက် ရှိသည်။ အောက်တိုဘာ ၂၅ ရက် ဖြစ်ရပ်တွင် လူ ၈ ဦး ဆေးရုံ ရောက်လာကြောင်း၊ ၇ ဦးမှာ စိတ်ချရပြီဖြစ်ပြီး ၁ ဦးမှာ ထိခိုက်ဒဏ်ရာရမှု ပြင်းထန်သည့်တိုင် အခြေအနေ တည်ငြိမ်နေကြောင်း တိုဖီနို ဆေးရုံမှ ပြောရေးဆိုခွင့်ရ အမျိုးသမီး ဗယ်လာရီ ဝီလ်ဆင်က ပြောကြားခဲ့သည်။

လှေနစ်မြုပ်ရသည့် အကြောင်းရင်းမှာ ယခုအချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ အဆိုပါလှေသည် မီတာ ၂၀ မျှ ရှည်လျားသည့် Leviathan II ဖြစ်ပြီး Jamie’s Whaling Station and Adventure Centersက ပိုင်ဆိုင်ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။
ဝေလငါးကြည့် ရာသီသည် အောက်တိုဘာ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ယင်းမတိုင်မီ ယခုလို မတော်တဆမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ကုမ္ပဏီသည် နှစ်ပေါင်း ၃၀ မျှ လုပ်ငန်းလည်ပတ်ခဲ့ပြီး လုံခြုံရေးနှင့် ပတ်သက်၍ စံနှုန်းကောင်းများ ပိုင်ဆိုင်ထားကြောင်းလည်း သတင်းများက ဆိုသည်။

တိုဖီနို အနီးတဝိုက်တွင် ဟမ်းဘက် ကျောခုံးဝေလငါးများနှင့် ပစိဖိတ် မီးခိုးရောင်ဝေလငါးများ လာရောက် ကျက်စားလေ့ ရှိပြီး သဘာဝပတ်ဝန်းကျင်ကို နှစ်သက်သည့် ကမ္ဘာလှည့် ခရီးသည်များကြား ရေပန်းစားသည့် နေရာတစ်ခုဖြစ်သည်။ ဝေလငါးကြည့် ခရီးစဉ် တစ်ခုသည် သာမန်အားဖြင့် ပျမ်းမျှ ၃ နာရီမျှ ကြာမြင့်လေ့ ရှိကြောင်းလည်း သိရှိရသည်။
_Ref: Sky News

No comments:

Post a Comment