Thursday 29 October 2015

တော်ဝင်မိသားစု၏ ပုံရိပ်ကို အလွဲသုံးစား ပြုသူများအား ထပ်မံ ဖမ်းဆီးသွားမည်ဟု ထိုင်းရဲတပ်ဖွဲ့ ကြေညာ

တော်ဝင်မိသားစု၏ ဂုဏ်ဒြပ်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုမှုအတွက် ဖမ်းဆီးမှုများ ထပ်မံ ပြုလုပ်သွားမည်ဟု ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ထိုင်းအိမ်ရှေ့မင်းသား ဗီဂျာရာလွန်ကောင်၏ အမည်ကို အလွဲသုံးစားပြုကာ ပုဂ္ဂိုလ်ရေးကျော်ကြားမှု ရရှိလာအောင် ကြံဆောင်နေသူများကို ရှာဖွေ ဖမ်းဆီးရန် စီစဉ်နေကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အဆိုပါ စွဲချက်အတွက် ထိုင်းနိုင်ငံရှိ နာမည်ကျော် ဗေဒင်ဆရာ တစ်ဦးအပါအဝင် လူသုံးဦးကို ရဲများက ဖမ်းဆီးခဲ့သည်။


ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုကို ထိပါးခြင်း၊ စော်ကားပုတ်ခတ်ခြင်းတို့သည် ကြီးမားသည့် ရာဇဝတ်မှုမျိုး ဖြစ်နေသည်။ အဖမ်းခံရသူသုံးဦးအနက် ထင်ရှားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးလည်း ပါဝင်ပြီး အကျဉ်းထောင်ထဲတွင်
သေဆုံးသွားခဲ့သည်။ ရဲများက ၎င်းသည် ဝတ်ဆင်ထားသည့် ရှပ်အင်္ကျီကို အသုံးပြုကာ မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်သွားခြင်းဟု ကြေညာသည်။

အောက်တိုဘာ ၂၈ ရက်တွင် ထိုင်းအမျိုးသားရဲတပ်ဖွဲ့အကြီးအကဲ ချက်သစ်ပ် ချိုင်ဂျင်ဒါက အဖမ်းခံသည့် နာမည်ကြီး ဗေဒင်ဆရာထံမှ သိမ်းယူထားသည့် တန်ဖိုးကြီး ဂီတာများ၊ သေနတ်များ၊ လက်ပတ်နာရီများ၊ အဆောင်လက်ဖွဲ့များကို မီဒီယာများထံ ခင်းကျင်းပြသခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ် ဖမ်းဆီးမှုမတိုင်မီက အဆိုပါ ဗေဒင်ဆရာကို ထိုင်းအစိုးရ၏ ထိပ်တန်းအရာရှိများနှင့် တပူးတွဲတွဲ မကြာခဏ တွေ့မြင်ခဲ့ရသည်။ ၎င်းသည် မင်းသား ဗီဂျာရာလွန်ကောင်၏ အမည်ဂုဏ်သတင်း ကြီးမားလာအောင် ဆော်ဩပေးရာတွင် အရေးပါသူ တစ်ဦးအဖြစ်လည်း လူသိများခဲ့သည်။

သို့သော်လည်း ဗေဒင်ဆရာသည် အိမ်ရှေ့မင်းသား၏ အရှိန်အဝါကို အသုံးချကာ ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ကုမ္ပဏီကြီး အချို့ထံမှ ငွေကြေးတောင်းခံမှုများ ပြုလုပ်ခဲ့ကြောင်း ရဲများက ဆိုသည်။ အသေးစိတ် အချက်အလက်များကိုမူ ရဲတပ်ဖွဲ့က ရှင်းရှင်းလင်းလင်း မကြေညာခဲ့ချေ။

ပြီးခဲ့သည့်နှစ်က ဇနီးသည်နှင့် လမ်းခွဲခဲ့သည့် ဖြစ်ရပ်နောက်ပိုင်း ယခုပြဿနာသည် ထိုင်းအိမ်ရှေ့မင်းသားနှင့် ဆက်နွှယ်သည့် နောက်ထပ် လူသိရှင်ကြား အရှုပ်အထွေးတစ်ခု ဖြစ်လာခဲ့သည်။ ထိုစဉ်ကလည်း ဇနီးဖြစ်သူ၏ မိသားစုသည် မင်းသား၏ အမည်ဂုဏ်သတင်းကို အသုံးချကာ ကိုယ်ကျိုးရှာမှုများ ပြုလုပ်ကြောင်း စွပ်စွဲခံရပြီးနောက် တော်ဝင်မိသားစု၏ စွန့်ခွာခြင်းကို ခံခဲ့ရသည်။

Ref: The Strait Times

No comments:

Post a Comment