Tuesday 15 September 2015

ပါတီတွင်း မဲခွဲမှုအရ အက်ဘော့တ်ကို ဖြုတ်ချပြီး ဩစတြေးလျ ဝန်ကြီးချုပ် ရာထူးကို တန်ဘူးလ်ရယူ


ပါတီတွင်း မဲခွဲဆုံးဖြတ်ချက်ဖြင့် အာဏာရ ဝန်ကြီးချုပ် တိုနီအက်ဘော့တ်ကို ဖြုတ်ချပြီးနောက် မယ်လ်ကွမ် တန်ဘူးလ်သည် ဩစတြေးလျ နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၄ ရက် ညပိုင်းက လစ်ဘရယ်ပါတီတွင် ခေါင်းဆောင်ပိုင်း နေရာအတွက် စိန်ခေါ်မဲခွဲမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အက်ဘော့တ် အရေးနိမ့်သွားခဲ့သည်။ စက်တင်ဘာ ၁၅ ရက်တွင်မူ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင်ဟောင်းနှင့် ရှေ့နေတစ်ဦးဖြစ်သူ တန်ဘူးလ်သည် ဩစတြေးလျ၏ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။
အက်ဘော့တ်သည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလက ဝန်ကြီးချုပ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်း၏ ဝန်ကြီးချုပ် သက်တမ်းအတွင်း ဒုတိယမြောက် အကြီးအကျယ် စိန်ခေါ်မှု တစ်ခုနှင့် ကြုံရချိန်တွင် အရေးနိမ့်သွားခြင်း ဖြစ်သည်။ အစွန်းမရောက်သော အမြင်မျိုး ရှိသူအဖြစ် သတ်မှတ်ခံရသည့် အသက် ၆၀ အရွယ် တန်ဘူးလ်သည် မကြာသေးမီက လိင်တူချင်း ထိမ်းမြားလက်ထပ်ခွင့်နှင့် ပတ်သက်၍ အက်ဘော့တ်နှင့် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
လစ်ဘရယ် ပါတီသည် အမည်အားဖြင့် အလယ်အလတ် လမ်းစဉ်ကို ကိုယ်စားပြုသော်လည်း ဩစတြေးလျ၏ ရှေးရိုးစွဲ အဆန်ဆုံး ပါတီကြီး နှစ်ခုတွင် အပါအဝင်ဖြစ်သည်။
ဝန်ကြီးချုပ်သစ်သည် နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုကျယ်ပြန့်ပြီး အက်ဘော့တ်နှင့် ယှဉ်ပါက ရှေးရိုးစွဲဝါဒ ဆုပ်ကိုင်မှု ပိုမိုလျော့နည်းမည်ဟု ခန့်မှန်းမှုများလည်း ထွက်ပေါ်နေသည်။
ပါတီတွင်း မဲခွဲဆုံးဖြတ်မှုအရ တန်ဘူးလ်က အက်ဘော့တ်အပေါ် ၅၄ မဲ၊ ၄၄ မဲဖြင့် အောင်ပွဲခံခဲ့ခြင်း ဖြစ်သည်။ ရုပ်မြင်သံကြားမှ ကြေညာချက် ထုတ်ပြန်ရာတွင် အက်ဘော့တ်က အရေးနိမ့်မှုကို လက်ခံကြောင်း အတည်ပြုပြီး ဝန်ကြီးချုပ်သစ်ကို ဖိအားပေး နှောင့်ယှက်မည် မဟုတ်ဟု ကတိပြုသွားသည်။
ပါတီ၏ လက်ထောက်ခေါင်းဆောင် အဖြစ်မူ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်က ဆက်လက် ရပ်တည်နိုင်ခဲ့ပြီး အစိုးရ အဖွဲ့တွင်း လုပ်ဖော်ကိုင်ဖက် ကီဗင်အင်ဒရူးစ်အပေါ် မဲအရေအတွက် ၇၀း၃၀ ဖြင့် အနိုင်ရခဲ့ကြောင်း သိရှိရသည်။
_Ref: NY Times

No comments:

Post a Comment