Thursday 6 August 2015

ရီယူနီယံတွင် တွေ့ရှိသည့် လေယာဉ်ပျက် အစိတ်အပိုင်းသည် MH370မှ ဖြစ်ကြောင်း မလေးရှား ကြေညာ

အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ ရီယူနီယံကျွန်း ကမ်းခြေတွင် ရှာတွေ့သည့် လေယာဉ်တောင်ပံ အစိတ်အပိုင်းသည် ပျောက်ဆုံးနေသည့် MH370 လေယာဉ်မှဖြစ်ကြောင်း မလေးရှား အစိုးရက အတည်ပြု ကြေညာလိုက်သည်။

အာဖရိကတိုက် အရှေ့ဘက် ကမ်းလွန်ရှိ ပြင်သစ်ပိုင် ရီယူနီယံကျွန်းတွင် အရှည် ၆ ပေမျှရှိသည့် လေယာဉ်တောင်ပံ အပိုင်းတစ်ခုကို ရှာဖွေတွေ့ရှိပြီးနောက် ပြင်သစ်သို့ သယ်ယူကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ကနဦးကတည်းက အဆိုပါ အစိတ်အပိုင်းသည် MH370၏ လေယာဉ်အမျိုးအစားဖြစ်သည့် Boeing 777 တစ်စီးထံမှဖြစ်ကြောင်း ပညာရှင်များက ခန့်မှန်းထားခဲ့သည်။

ယခုအခါ မလေးရှားဝန်ကြီးချုပ် နာဂျက်ဘ်ရာဇက်က ပြင်သစ်တွင် စစ်ဆေးနေသည့် အစိတ်အပိုင်းသည် ၂၀၁၄ ခုနှစ်၊ မတ်လက ပျောက်ဆုံးသွားသည့် မလေးရှား လေကြောင်းပိုင် လေယာဉ်မှပင်ဖြစ်ကြောင်း မငြင်းသာအောင် ခိုင်မာသည့် အထောက်အထားများ တွေ့မြင်ရကြောင်း ကြေညာခဲ့သည်။

လက်တွေ့ စုံစမ်းစစ်ဆေးနေဆဲဖြစ်သည့် ကျွမ်းကျင်သူများကမူ ရာဇက်၏ စကားအတိုင်း အတည်မပြုသေးဘဲ ယခု အစိတ်အပိုင်းသည် MH370မှ ဖြစ်နိုင်ခြေ အလွန်များသည်ဟုသာ ပြောကြားထားသည်။ လူသူအရောက်အပေါက် နည်းပါးရာ ကမ်းခြေတစ်ခုတွင် တွေ့ရှိသည့် လေယာဉ် အပျက်အစီး အပိုင်းအစကို ရီယူနီယံမှ သယ်ယူလာကာ တူးလော့စ်ရှိ ဓာတ်ခွဲခန်း တစ်ခုတွင် စစ်ဆေးနေခြင်း ဖြစ်သည်။

“စိတ်နှလုံး လေးလံစွာနဲ့ပဲ ကျွန်တော် ပြောပါမယ်။ နိုင်ငံတကာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ စစ်ဆေးရေး အဖွဲ့က ဒီလေယာဉ် အစိတ်အပိုင်းဟာ MH370က ဖြစ်ကြောင်း သံသယ မရှိဘဲ အတည်ပြုထားလိုက်ပါတယ်”ဟု ရာဇက်က ကွာလာလမ်ပူတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

၎င်းက လူပေါင်း ၂၃၉ ဦးနှင့်အတူ ပျောက်ချင်းမလှ ပျောက်ကွယ်သွားသည့် MH370ကို ရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့်ထားဆဲဟုလည်း ဆိုသည်။ ရာဇက်က စစ်ဆေးမှု ရလဒ် အားလုံးလိုလိုက ယခုလေယာဉ်ပျက် အစိတ်အပိုင်းသည် MH370မှ ဖြစ်သည်ဟု ညွှန်ပြနေကြောင်းလည်း ဝန်ခံခဲ့သည်။

မလေးရှား အစိုးရသည် အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ ကျွန်းများတွင် နေထိုင်သော ဒေသခံများ အနေဖြင့်လည်း အလားတူ လေယာဉ်ပျက် အစိတ်အပိုင်းများကို ကူညီရှာဖွေပေးပါရန် တိုက်တွန်း ပန်ကြားထားသည်။

_Ref: NBC
7Day Daily 

No comments:

Post a Comment