Sunday, 5 July 2015

Boat People ပြဿနာအပေါ် အဖြေရှာခြင်း - အပိုင်း(၁)

ယနေ့ကာလတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် ဒီမိုကရေစီအစိုးရတစ်ရပ်၏ ဦးဆောင်မှုဖြင့် မြန်မာ့နွေဦးအဖြစ် တင်စားခေါ်ဝေါ်ရမည့် နိုင်ငံရေးအလှည့်အပြောင်းတစ်ရပ်ကို ဆောင်ရွက်လျက်ရှိရာ အစိုးရသစ်လက်ထက် အောင်မြင်မှုအများအပြားရရှိနေသလို အခြားတစ်ဖက်တွင်လည်း စိန်ခေါ်မှုအချို့နှင့် ကြုံတွေ့လျက်ရှိပါသည်။

အစိုးရသစ်လက်ထက်ကြုံတွေ့ရသည့် စိန်ခေါ်မှုများအနက် လက်ရှိရခိုင်ဒေသတွင် ဖြစ်ပွားလျက်ရှိသည့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စိမ့်ဝင်လာသည့် ဘင်္ဂါလီပြဿနာမှတစ်ဆင့် ဖြစ်ပွား လာသော လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမျိုးရေး၊ လုံခြုံရေး ပြဿနာများသည် အမျိုးသားအကျိုးစီးပွား ခြိမ်းခြောက်မှုအန္တရာယ်တစ်ရပ်အသွင်ရောက်ရှိလာပြီး အချိန်နှင့်တစ်ပြေးညီ မှန်ကန်စွာဖြေရှင်းဆောင်ရွက်နိုင်မှု မရှိပါက နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေထိခိုက်ဆုံးရှုံးမည့် အခြေအနေတစ်ရပ်သို့ ဦးတည်လာမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် လတ်တလောဖြစ်ပွားလာသည့် Boat People ပြဿနာနှင့် ကာလရှည်ကြာ ရင်ဆိုင်ကြုံတွေ့နေရသည့် ဘင်္ဂါလီစိမ့်ဝင်မှု(Bengali Migrant) ပြဿနာကိုဖြေရှင်းရာတွင် အမျိုးသား အကျိုးစီးပွား၊ အမျိုးသားရေးရှုထောင့်မှ ခိုင်မာစွာရပ်တည်ဖြေရှင်းရမည်ဖြစ်သလို နိုင်ငံတကာအသိုက်အ၀န်း တွင် ပါဝင်ရပ်တည်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံတကာကျင့်ဝတ်စံနှုန်း၊ လူသားချင်းစာနာထောက်ထားမှုရှုထောင့်များကလည်း လိမ္မာပါးနပ်စွာ ချဉ်းကပ်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါသည်။ ဘင်္ဂါလီပြဿနာဖြေရှင်းရာတွင် မိမိတစ်နိုင်ငံတည်းအပေါ်တွင်သာ ၀န်ထုပ်ဝန်ပိုးမဖြစ်စေရေး အတွက် လိုအပ်ပါက ကုလသမဂ္ဂအပါအ၀င် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း များ၏ လူသားချင်း စာနာထောက်ထားမှု အကူအညီများကိုလည်း ရယူဆောင်ရွက်ရမည်ဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတိုင်း၊ အဖွဲ့အစည်းတိုင်းသည် မိမိတို့၏ အမျိုးသားအကျိုးစီးပွားကိုသာ ရှေ့တန်း တင်ဦးတည်ဆောင်ရွက်လျက်ရှိ သည်ဖြစ်ရာ ၎င်းတို့၏ ရပ်တည်မှုသဘောထားနှင့် ချဉ်းကပ်ဆောင်ရွက်မှု ပုံသဏ္ဍာန် နည်းလမ်း များကိုလည်း သတိကြီးစွာထား၍ စောင့်ကြည့်တုံ့ပြန် ရန် လိုအပ်မည်ဖြစ်ပါသည်။
အစိုးရသစ်လက်ထက် ရခိုင်ပြည်နယ်မှစတင်သည့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကို ထိန်းချုပ်ပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၀င်ရောက်လာသည့် ဘင်္ဂါလီပြဿနာကို ဖြေရှင်းရန်ဆောင်ရွက်နေဆဲ ကာလတွင် အရှေ့တောင်အာရှရေပြင်၌ Boat People ခေါ် လှေစီးပြဿနာသည် လည်း ဗူးလေးရာဖရုံဆင့် ပေါ်ပေါက် လာခဲ့ပါသည်။ ၎င်း Boat People ပြဿနာနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည့် သဘောမျိုး သက်ရောက်စေရန် မီဒီယာ နည်းလမ်းအပါအ၀င် ဖိအားပေးနည်းလမ်းပေါင်းစုံဖြင့် အဖွဲ့အစည်း ပေါင်းစုံမှ ၀ိုင်းဝန်းပုံဖော်ဆောင်ရွက်နေမှုများကိုလည်း စိုးရိမ်ဖွယ်တွေ့မြင်ရ ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ဘင်္ဂါလီပြဿနာဖြေရှင်းရာတွင် မြန်မာနိုင်ငံအနေဖြင့် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံဖြစ် သည်နှင့်အညီ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အမျိုးသားရေး အခြေခံမူများအပေါ် အခြေခံ၍ ပြဋ္ဌာန်းထားသည့် ဥပဒေစည်းကမ်းနည်းလမ်း များနှင့်အညီ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင်လည်း စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးအမြင်များအပြင် နိုင်ငံတကာရေးရာအမြင်များဖြင့် ချဉ်းကပ် ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသား လူမျိုးများနှင့် တိုင်းရင်းသားမျိုးနွယ်စု ၁၀၀ ကျော် မှီတင်းနေထိုင်ရာ နိုင်ငံတစ်ခုဖြစ်ပါသည်။ ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး မြောက်ဘက်တွင် ချင်းပြည်နယ်၊ အရှေ့ဘက်တွင် မကွေးတိုင်းနှင့် ပဲခူးတိုင်း၊ တောင်ဘက်တွင် ဧရာဝတီတိုင်း တို့နှင့် ဆက်စပ်တည်ရှိနေပါသည်။ ရေမြေ တောတောင် သဘာဝအရ ဆန်ရေစပါး၊ သားငါးပေါကြွယ်ဝသော နယ်မြေတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် အတွင်း ဌာနေမြန်မာတိုင်းရင်းသား များဖြစ်သော ရခိုင်တိုင်းရင်းသားများ၊ ချင်းလူမျိုးများနှင့် ဗမာလူမျိုးများ အပါအ၀င် အခြားတိုင်းရင်းသားများသည် ရှေးပဝေသဏီကတည်းက အတူတကွ နေထိုင်လျက်ရှိပါသည်။ ရခိုင် တိုင်းရင်းသား လူမျိုးစုတွင် ရခိုင်၊ ခမီး၊ မြို၊ ဒိုင်းနက်၊ သက်၊ မရမာကြီးနှင့် ကမန်လူမျိုးများ ပါဝင်ကြပါသည်။
ဘင်္ဂါလီများ မြန်မာနိုင်ငံအတွင်းဝင်ရောက်လာမှုအား သမိုင်းကြောင်း အရပြန်ကြည့် လျှင် ၁၈၂၄ ခုနှစ်တွင် မြန်မာ့ပင်လယ် ကမ်းရိုးတန်းဒေသ များဖြစ်သော ရခိုင်နှင့် တနင်္သာရီကမ်းရိုးတန်းဒေသများအား ဗြိတိသျှတို့မှ သိမ်းပိုက်ခဲ့ချိန်မှစ၍ မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂါလီအလုပ်သမား ၃,၀၀၀ ခန့် စတင်ဝင်ရောက်လာခဲ့ပါသည်။ ၁၈၇၂ ခုနှစ် သန်းခေါင်စာရင်းအရ စစ်တကောင်းသား ဘင်္ဂါလီဦးရေ ၅၈,၂၃၅ ဦးရေအထိ တိုးလာခဲ့ပြီး ၁၉၁၁ ခုနှစ် သန်းခေါင်စာရင်းတွင် ဘင်္ဂါလီဦးရေ ၁၇၈,၆၄၇ ဦးထိရှိလာရာ မြန်မာနိုင်ငံအတွင်းသို့ ဘင်္ဂါလီဦးရေ ၀င်ရောက်လာမှု ၇၇ ရာခိုင်နှုန်းတိုးမြှင့်လာခဲ့ပါသည်။ ၁၉၁၆-၁၈ ခုနှစ်များအတွင်း ဗြိတိသျှတို့၏ ဘူးသီးတောင် နှင့် မောင်တောအကြား မီးရထားလမ်းဖောက် လုပ်မှုစီမံကိန်းတွင် ဈေးပေါသော ဘင်္ဂါလီအလုပ်သမားများအား ရခိုင်ပြည်နယ်သို့ ထပ်မံခေါ်ယူခဲ့ပါသည်။
အင်္ဂလိပ်ပြည်သူ့ကျန်းမာရေးဌာန၏ ၁၉၃၀/၃၁ အစီရင်ခံစာအရ ရခိုင်ဒေသသို့ ပျမ်းမျှအားဖြင့် စစ်တကောင်းဘင်္ဂါလီသား ၄,၀၀၀ ကျော်ဝင်ရောက်လေ့ရှိကြောင်း၊ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းများအရ စစ်တွေခရိုင်တွင် ဘင်္ဂါလီယောက်ျားပေါင်း ၂၅၀,၀၀၀ ကျော်ရှိခဲ့ပါသည်။ အဆိုပါ ခရိုင်အတွင်းရှိသော ဘင်္ဂါလီများ၏ ၈၈ ရာခိုင်နှုန်းသည် စစ်တကောင်းသား ဘင်္ဂါလီများဖြစ်ကြောင်း သိရှိရပါ သည်။ ထိုသို့ဖြင့် ဘင်္ဂါလီများသည် ရခိုင်ဒေသအတွင်းသို့ စိမ့်ဝင်လာမှုများပြားလာခဲ့ကာ နောက်ဆုံးတွင် မိခင် နိုင်ငံသို့ မပြန်တော့ဘဲ မြန်မာနိုင်ငံသားများအဖြစ်သာမက တိုင်းရင်းသားလူမျိုးစုတစ်ခုကဲ့သို့ အသိအမှတ်ပြု ခံချင်လာခဲ့ပါသည်။
ဆက်လက်ဖော်ပြပါမည်။
စည်သူမောင်

နေ့စဉ်သတင်း

No comments:

Post a comment