Tuesday 14 July 2015

တောင်သမန်အင်းရေ အရည်အသွေး ကောင်းမွန်မှု မရှိသေး


တောင်သမန်အင်းရေ အရည်အသွေးမှာ ငါးများအတွက် ကောင်းမွန်မှု မရှိသေးကြောင်း မန္တလေးတိုင်း ဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနထံမှ သတင်းရရှိသည်။
တောင်သမန်အင်းရေ အရည်အသွေးကို မန္တလေးတိုင်း ဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနက တွတ်ပီတံတား၊ တောင်သမန် အ၀င်တံတား၊ တောင်သမန်အင်း အလယ်မှ ရေတို့ကို အပတ်စဉ် စစ်ဆေးလျက် ရှိသည်။ ယင်းရေ နမူနာများကို စစ်ဆေးရာ ဓာတ်ခွဲတိုင်းတာ စစ်ဆေးမှု ရလဒ်များအရ ရေ၏ ချဉ်ဖန်နှုန်း (Water PH Level) မှာ သတ်မှတ်စံနှုန်းထက် လျော့နည်းနေခြင်း၊ ရေ၏ စုစုပေါင်း ဓာတ်ပါဝင်မှုမှာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေခြင်း၊ စုစုပေါင်း ရေစေး ရေသွက်နှုန်းမှာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုက် ပါဝင်မှုမှာ သတ်မှတ်စံနှုန်းထက် ကျော်လွန်နေခြင်း၊ အောက်ဆီဂျင် ပျော်ဝင်နှုန်းမှာ သတ်မှတ်စံနှုန်းအောက် လျော့ကျနေခြင်း တို့ကို တွေ့ရပြီး Ammonia Nitrogen ပါဝင်မှုသာ သတ်မှတ်စံနှုန်း အတွင်းရှိကြောင်း မန္တလေးတိုင်း ဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။
““အဓိက စက်ရုံကြီးတွေ ပိတ်တယ် ဆိုပေမယ့် ညဘက်လိုမျိုးမှာ ရေဆိုးတွေခိုး ထုတ်နေတာ ရှိနိုင်သေးတယ်။ အင်းရေ အရည်အသွေးက ကောင်းမလာသေးဘူး။ မိုးတွင်းမှာ မိုးများတာတို့၊ မြစ်ရေအ၀င် များလာတာတို့ ဆိုရင်တော့ သဘာဝအတိုင်း ကောင်းလာနိုင်ပါတယ်။
မော်တာနဲ့ ရေပန်းစက်တွေ ၀ယ်မယ် ဆိုရင်လည်း အောက်ဆီဂျင် ပျော်ဝင်နှုန်းတွေ ပိုမိုကောင်းမွန် လာနိုင်ပါတယ်”” ဟု မန္တလေးတိုင်း ဒေသကြီး၊ ငါးလုပ်ငန်း ဦးစီးဌာန ညွန်ကြားရေးမှူး ဦးမျိုးအောင်က ပြောသည်။
တောင်သမန်အင်း အတွင်း ယခုနှစ်တွင် ရေဆိုးများကြောင့် ငါးများ အစုလိုက် အပြုံလိုက် သေဆုံးမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး စက်ရုံ (၂၇) ရုံအား မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက မတ်လတွင် ပိတ်သိမ်းခဲ့သည်။ အဆိုပါ စက်ရုံများကို ဇူလိုင်လကုန်တွင် ပြန်လည် ဖွင့်ခွင့်ပေးမည် ဖြစ်သည်။

No comments:

Post a Comment