Thursday 9 July 2015

ရွှေတိဂုံအနီး ဒဂုံစီးတီးစီမံကိန်း ရပ်ဆိုင်းလိုက်၍ တင်ဒါအောင်ကုမ္ပဏီများကို ဖြေရှင်းပေးရန် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်းနေ

ရွှေတိဂုံ စေတီတော် အနီးရှိ ဒဂုံစီးတီး စီမံကိန်း အပြီးသတ် ရပ်ဆိုင်းလိုက်သည့်အတွက် တင်ဒါအောင် ထားသည့် ကုမ္ပဏီများ၏ နစ်နာမှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ညှိနှိုင်း၍ ဖြေရှင်းပေး မည်ဟု သမ္မတရုံး ညွှန်းကြားရေးမှူး ဦးဇော်ဌေးက မဇ္ဈိမကို ပြောသည်။
"ဒီကုမ္ပဏီတွေကလည်း လိုလိုလားလား သဘောတူထားတယ်၊ နောက်ဆုံး ဒီကုမ္ပဏီတွေလည်း နစ်နာမှုမရှိအောင် ညှိနှိုင်းဆောင်ရွက်သွားမယ်၊ အခုတော့ညှိနေတုန်း။ ဘယ်နေ့ ဘယ်ရက်လောက်ကို နစ်နာမှုကို အစိုးရအနေနဲ့ ဖြေရှင်းပေး မယ်ဆိုတာကို MIC နဲ့ညှိနေတယ်" ဟု ၎င်းကပြောသည်။
ယင်းအပြင် ဒဂုံစီးတီး စီမံကိန်းနှင့် ပတ် သက်ပြီး အခန်းဌားသူများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အဆင်ပြေ စေရန် နှစ်ဦး သဘောတူ အစီအစဉ် တစ်ခုကို နိုင်ငံတော် အစိုးရနှင့် လက်တွဲကာ ဆောင်ရွက်သွားမည်ဟု စီမံကိန်း တင်ဒါအောင် သည့် ကုမ္မဏီ တစ်ခုဖြစ်သော Marga Landmark က ဇူလိုင် ၉ရက်တွင် သတင်း ထုတ်ပြန် လိုက်သည်။
Marga Landmark ၏ ကြေညာချက်တွင် ပြည်သူများ၏ စိတ်သဘောထား၊ အထူးသဖြင့် သံဃာတော်များ ၏ အမြင်ကို လည်းလေးစားအသိအမှတ်ပြုပြီး မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်ပင်ဆွေးနွေးကာမြန်မာနိုင်ငံနှင့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ သဘောတူညီခဲ့သည့် နိုင်ငံတကာ အသိမှတ်ပြု စာချုပ်အတိုင်း စီစဉ် ဆောင်ရွက် သွားမည်ဟုလည်း ဆိုသည်။

ယင်းစီမံကိန်းတည်ဆောက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ယခင် နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်နှင့် အမှတ် (၁) မော်တော်ယာဉ် တပ်ရင်း နေရာဟောင်းတို့ရှိ ဧက ၂၀ ကျော်ကို ဖွံ့ဖြိုးမှု လုပ်ငန်းများ ဆောင်ရွက်ရန် ရွှေတောင် ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက်၊ Adventure Myanmar Tours and Incentives Co., Ltd.၊ သုခရတနာ ကုမ္ပဏီလီမိတက် နှင့် Marga Landmark Development Co.,Ltdတို့က တင်ဒါ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

စီမံကိန်းကို ရုတ်တရက် ရပ်ဆိုင်းလိုက်သည့်အတွက် ကုမ္ပဏီများ နှင့် အစိုးရ စာချုပ်ချုပ်ဆိုစဉ်က နှစ်ဖက်သဘောတူထားသည့် အချက်များကိုအစိုးရအနေဖြင့် မပျက်မကွက်ဖြေရှင်းပေးသင့်သည်ဟု စီးပွားရေး ပညာရှင်ဒေါက်တာ ခင်မောင်ညိုက မဇ္ဈိမကိုပြော သည်။

"နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် အနေအထားတစ်ခု ငွေကြေးဖြစ်ဖြစ် ၊ တခြားရင်းနှီးမြှုပ်နှံတဲ့သူတွေ့ ယုံကြည် စိတ်ချအောင် ဆောင်ရွက်ပေးရမှာပေါ့ ။အဲဒါကို မှန်ကန်တဲ့ ဖြေရှင်းမှုလို့ ယူဆတယ်။

သူတို့ထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်တဲ့လို့ မြင်တယ်။ တခြားရင်းနှီးမြှုပ်နှံတဲ့ သူတွေကို လည်း စိတ်ပျက်စရာမဖြစ်အော် နမှုနာဖြစ်အောင်ပြလိုက်တဲ့သဘောပဲ"ဟု ၎င်းကပြောသည်။

အများက ကန့်ကွက်နေသည့် ရွှေတိဂုံ စေတီတော် အနီးရှိ ဒဂုံစီးတီး စီမံကိန်းအပါအဝင် စီမံကိန်းများကို အပြီးသတ် ရပ်ဆိုင်း လိုက်သည်ဟု သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် ဇူလိုင် ၇ရက်တွင် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၉ရက်တွင်မူ ဒဂုံစီးတီး စီမံကိန်း ဆိုင်းဘုတ်ကို ဖြုတ်ထားပြီး ဖြစ်သည်ကို တွေ့ရသည်။

ယင်း ထုတ်ပြန်ချက်အပေါ် ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးအား ကျေးဇူးတင်ဝမ်းမြောက် မိပါကြောင်း မှတ်တမ်းတင်ပါသည်ဟု ဇူလိုင် ၈ရက်က ထုတ်ပြန်ထားသည်။

သက်ဆိုင်သူအားလုံးကျေနပ်ပြေလည်စေမည့် အဖြေတစ်ခု ထွက်ရှိလာမည် ဟု ကြိုတင်ခန့်မှန်းထား ကြောင်းလည်း Marga Landmark ကြေညာချက်တွင် ထည့်သွင်းထားသည်။

တင်ဒါအောင်ထားသည့် ကုမ္ပဏီများသည် နိုင်ငံတကာ အဆင့်မီ ဟိုတယ်များ၊ ကုန်တိုက်များ၊ စီးပွားရေး လုပ်ငန်းများ၊ လူနေအိမ် များ၊ ရုံးအဆောက်အအုံများ ဆောက်လုပ်ရန် တင်ပြမှုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ၊ မြန်မာ နိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေများနှင့်အညီ စိစစ်ကာ ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့သည်။

သို့သော် ယင်းစီမံကိန်းများ အကောင်အထည်ဖော်မှုကြောင့် ရဟန်းရှင်လူ ပြည်သူများက စိုးရိမ်ကာ သမ္မတထံ မေတ္တာရပ်ခံစာ များ ပေးပို့ခြင်း၊ ပညာရှင်အချို့က သုံးသပ်ချက်များကို သမ္မတထံ ပေးပို့ အကြံပြုခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တပ်မတော်ကလည်း စီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် မသင့်ကြောင်း တင်ပြခြင်း အပြင် သမ္မတက ရွှေတိဂုံစေတီတော် အပါအဝင် သိင်္ဂုတ္တရ ကုန်းတော်ရှိ စေတီပုထိုးများ၊ သာသနိက အဆောက်အအုံများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အဆောက်အအုံများအား မည်သည့် အကြောင်းကြောင့်မျှ ထိခိုက်မှု မဖြစ်ပေါ်ရေး ဦးစားပေး ဆောင်ရွက်ရန် လိုလားခြင်းကြောင့် ရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်စာတွင် ပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးတပ်ရင်းဟောင်း နယ်မြေ၏ ၄၉ ဧက အတွင်း လူနေအိမ်ရာများ၊ ရုံးခန်းများကို ဆောက်လုပ်ရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ ဒဿမ ၈၉သန်း (ကျပ်ငွေ သန်း ၈၉၀၀) ဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၅ခုတို့က ငှားရမ်းထားခြင်းဖြစ်သည်။

No comments:

Post a Comment