Wednesday 31 December 2014

ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသည့် ဦးကိုကိုကြီးထံ ရဲစခန်းက လာရောက် အကြောင်းကြားခြင်း မရှိသေး

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ (အားကစားကွင်း) ကို အဆောက်အဦးအဖြစ်  ဆောက်လုပ်ရန်   စီစဉ်နေသည့်အပေါ် ဆန္ဒဖော်ထုတ်ဟောပြောခဲ့သည့် အတွက် ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံ ထားရသည့် ဦးကိုကိုကြီးထံသို့ မြို့နယ်ရဲစခန်းက လာရောက်အကြောင်းကြား ခြင်းမရှိသေးဟု ၈၈မျိုးဆက်  ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဒီဇင်ဘာ ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။


ယင်းသို့ အမှုဖွင့်ထားသည့် ကိစ္စကို ဦးကိုကိုကြီးထံ စာဖြင့် အကြောင်းကြားစာပို့မည်ဟု တောင်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးအောင်က မဇ္ဈိမကို ဒီဇင်ဘာ ၂၄ ရက်က ပြောထားခြင်းအပေါ် ဦးကိုကိုကြီးက ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

ဦးကိုကိုကြီးက "အများပိုင်ပစ္စည်းကိုသာ အများပြည်သူပိုင် ရပ်ကွက်ပန်းခြံကို ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းက လွှဲယူလိုက်တာပါ။ အသင်းအဖွဲ့ပိုင်အနေနဲ့ လွှဲယူလိုက်တာပါ။ အဖွဲ့အစည်းပိုင် ပစ္စည်းများကို ဥပဒေအရ နိုင်ငံတော်ကို ပြန်လွှဲဖို့ပဲဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ အသင်းအဖွဲ့ပိုင် ပစ္စည်းတွေ အဲ့လောက်များတဲ့ ပမာဏကို ပါတီပိုင်တွေအဖြစ် လွှဲပြောင်းရယူနေမယ်ဆိုရင် လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်ဖို့ အဓိကစိန်ခေါ်မှုဖြစ်လာပါလိမ့်မယ်။ အများပိုင် ပစ္စည်းအလွဲသုံးစား လုပ်တဲ့ကိစ္စကို အရင်ဆုံးတရားစွဲပါ" ဟုပြောသည်။

ပန်းခြံ(အားကစားကွင်း)ကို လွှဲပြောင်းရယူထားသည့် နိုင်ငံရေးပါတီကို အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု ဥပဒေအရ တရားစွဲဆိုရန်အစိုးရကို တိုက်တွန်းသွားမည်ဟု ဦးကိုကိုကြီးက ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့် ဦးကိုကိုကြီး၊ ဒေါက်တာ စောနိုင်၊ ဦးမျိုးခင် (ခေါ်) ဦးမုန်းခက်၊ ဦးနိုင်ကိုလင်းနဲ့ ဦးအောင်မောင် (ခေါ်) ဦးစစ်မောင်တို့ကို အမှုဖွင့် အရေးယူခြင်းဖြစ်သည်။ ဆန္ဒဖော်ထုတ်ရာတွင် ခေါင်းဆောင်ပါဝင်သူ လေးဦးကို ဒီဇင်ဘာ၂၁ရက်က စစ်ဆေးပြီးဖြစ်သော်လည်း ဦးကိုကိုကြီးကို စစ်ဆေးရန် ကျန်ရှိနေသေးခြင်း ဖြစ်သည်။

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ရှိ ပန်းခြံ (အားကစားကွင်း)ကို အဆောက်အဦးအဖြစ်  ဒီဇင်ဘာ၂၁ရက်က ဆောက်လုပ်ရန်   စီစဉ်နေသည့်အပေါ် ဆန္ဒဖော်ထုတ်ဟောပြောခဲ့သည့် ၈၈(ငြိမ်း/ပွင့်) ဦးကိုကိုကြီး အပါအ၀င် ငါးဦးကို မြို့နယ်ရဲစခန်းက ပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ထားသည်။

ယင်းမြေနေရာသည် ယခင်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း၏ အမည်ပေါက်ဖြစ်ကာ နောက်ပိုင်းတွင် ပါတီအမည်ပေါက် အဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
မဇ္စျိမ

No comments:

Post a Comment