Sunday 27 April 2014

အလုံမြို့နယ်အတွင်း ဖြိုဖျက်ဆဲ နှစ်ထပ်တိုက်မှ နေကာပြိုကျရာ အုတ်ကျိုးပိ၍ အလုပ်သမား သုံးဦး သေဆုံး

Myanmar Online News's photo.
အလုံမြို့နယ်တွင် ဧပြီ ၂၆ ရက်၊ ညနေ ၄ နာရီခန့်က ဖြိုဖျက်ဆဲ နှစ်ထပ်တိုက်မှ နေကာပြိုကျမှုဖြစ်ပွားခဲ့ပြီး အုတ်ကျိုးပိ၍ အလုပ်သမားသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၊ ဌာနာရပ်ကွက် အလုံလမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ လူမနေသော တိုက်အဟောင်း ခြံ အမှတ်(၁၅၅)ကို ဖြို ဖျက်သည့် လုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်အဟောင်း၏ ပြိုကျသည့် အပိုင်းဖြစ်သော နေကာအုတ်ကျိုးပိ၍ သေဆုံးသွားသော အလုပ်သမားသုံးဦးမှာ ဒလမြို့နယ်နေ ချစ်စမ်းမောင် (၂၆) နှစ်၊ တရုတ် ကြီး (ခ) သက်နိုင်ဖြိုး (၁၉) နှစ်နှင့် ဒလမြို့နယ်နေ ကျော်ဇင်ထွေး (ခ) အောင်လေး (၂၃) နှစ်တို့ဖြစ်ကြောင်း သိရသည်။

သေဆုံးခဲ့သူများအနက် အလုပ်သမားနှစ်ဦးကို အခင်းစတင်ဖြစ်ပွားသည့်အချိန်မှ တစ်နာရီခန့်အကြာ ညနေ ၅ နာရီခန့်တွင် အုတ်ကျိုးများအောက်မှ မီးသတ်တပ်ဖွဲ့ဝင်များ ဆွဲထုတ်ခဲ့ရကြောင်း၊ တစ်ဦးကို လက်မှ ဆွဲထုတ်ခဲ့ရပြီး ကျန်တစ်ဦးကို ခြေထောက်မှ ဆွဲထုတ်ခဲ့ရကြောင်း၊ကျော်ဇင်ထွေး(ခ)အောင်လေးသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ ပြီး ညနေ ၆ နာရီခန့်အထိ သတိမရခဲ့ဘဲ ည ၇ နာရီ မိနစ် ၄၀ တွင် သေဆုံး ခဲ့ကြောင်း သိရသည်။

“ဒီတိုက်က လူမနေတာ တော်တော်ကြာနေပြီ။ ကန်ထရိုက်ကိုအပ်ပြီး ဖျက်နေတာတော့ သင်္ကြန်မတိုင်ခင် ကတည်းကပဲ။ ၀ုန်းဆိုတဲ့ အသံကြားလို့ အပြင်ထွက်ကြည့်တော့ အလုပ်သမားတွေ ပိနေတာ တွေ့ ရတယ်”ဟု အဆိုပါတိုက်နှင့် မျက်နှာချင်းဆိုင် တိုက်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ပြော ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် လူသေဆုံးမှုနှင့် ပက်သက်၍ ကယ်ဆယ်ရေးလုပ်ငန်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သော မီးသတ်အရာရှိတစ်ဦးက “ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ တစ်ယောက်က ဆေးရုံရောက်သွားပြီး ဒီအပျက်အစီးကြားကနေ အလောင်းနှစ်ခုကို ဆွဲထုတ်ခဲ့ရပါတယ်။ ဖြိုတဲ့လုပ်ငန်းမှာ ထားသင့်တဲ့ လုံခြုံရေးအစီအမံ အားနည်းလို့ အခုလိုဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်”ဟု ပြောကြားသည်။

Myanmar Online News's photo. 
ပြိုကျနေသော နေကာ အုတ်ကျိုးကို ဖယ်ရှားပြီး အောက်တွင်ပိနေသော အလုပ်သမားနှစ်ဦးကို ဆွဲထုတ်ရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးလုပ်အားပေး ပါဝင်သူများက အုတ်ကျိုးကို ကရိန်းဖြင့်မကာ ဟနေသော နေရာလွတ်များတွင် ဂျိုက်၊ သစ်တုံးများကို ထိုးထည့်ပြီးမှ အလုပ်သမားများကို ဆွဲထုတ်၍ ရခဲ့သည်။

“ကျွန်တော်တို့မှာ အလုပ်သမားတွေကို အမြန်ဆုံးဆွဲထုတ်လိုရမယ့် နိုင်ငံတကာ မှာလို ခေတ်မီ ဟိုက်ဒရောလစ်ကိရိယာတွေ မရှိလို့ ကွန်ကရစ်တွေဖြတ်ပြီး ရတဲ့နည်းနဲ့ ဆွဲထုတ်ခဲ့ရတယ်” အုတ်ကျိုး ပိနေသော အလုပ်သမားများကို ကယ်ဆယ်ရာတွင် ပါဝင်ခဲ့သော စမ်းချောင်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ ရဲသူရိန်သိန်းမြင့်က ပြောကြားခဲ့သည်။

အဆိုပါတိုက်၏ ပိုင်ရှင်မှာ ဦးကျော်သိန်း (စိစစ်ဆဲ) ဆိုသူဖြစ်ပြီး တစ်ကောင်ဖွားဆောက်လုပ်ရေးမှ အသစ်ဆောက်လုပ်ရန်အတွက် ဖြိုဖျက်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့သည်။

နှစ်ထပ်တိုက် အဟောင်းတစ်လုံးအား ဖြိုချစဉ် ပြိုကျမှုကြောင့် ပိမိနေသော အလုပ်သမားများကို ကယ်ဆယ်ရေး လုပ်ဆောင်နေစဉ်

Eleven Media Group

No comments:

Post a Comment