Wednesday 30 October 2013

အမေရိကန်လုပ် အော်တိုပစ္စတိုသေနတ်အား လှည့်လည်ရောင်းသူ ဖမ်းဆီးခံရ

ကလေးမြို့နယ်အတွင်း အော်တိုပစ္စတိုသေနတ်တစ်လက် လှည်လည်ရောင်းချနေသူကို မြို့မ ရဲစခန်းက အောက်တိုဘာ ၂၈ ရက်က ဖမ်းဆီးအရေးယူလိုက်ကြောင်း အဆိုပါ ရဲစခန်းမှ သိရှိရသည်။

မဖမ်းဆီးခင်က ရဲစခန်းမှ အဆိုပါ သတင်းကို ရရှိသဖြင့် ဖမ်းဆီးရန် ယခုလ ၂၈ ရက် ည ၇ နာရီ အချိန် ခန့်က ချမ်းမြေ့အောင်စည်ရပ်ကွက်၊ နတ်သျှင်နောင်လမ်းမကြီးတွင် စောင့်ဆိုင်းနေခဲ့ရသည်။

ထို့နောက် နယူးအမ်ဘို ၁၂၅ အမျိုးအစား နီနက်ကြား ဆိုင်ကယ်တစ်စီးကို အသက် ၅၀ နှစ်ခန့်အရွယ် သရေဂျာကင်ဝတ် လူတစ်ဦးမှ ၎င်းလမ်းမကြီးအတိုင်း စီးနင်းလာစဉ် ရဲတပ်ဖွဲ့ဝင်များမှ ရပ်တန့် စစ်ဆေး ရာတွင် ဆိုင်ကယ်စီးနင်းသူ ၀တ်ဆင်လာသော သရေဂျာကင် အင်္ကျီအိတ် အတွင်၌ မေရိကန်နိုင်ငံလုပ် ပွိုင့် ၃၂ အော်တို ပစ္စတိုသေနတ်ကိုယ်ထည်တစ်လက်၊ ကျည်အိမ်တစ်ခု၊ အဆိုပါ သေနတ် ကိုယ်ထည်တွင် USA – 088661 နံပါတ်များပါရှိသည်ဟု ဖမ်းဆီးရေးအဖွဲ့တွင် လိုက်ပါခဲ့သူက အတည်ပြုပြောကြားသည်။

ကျည်အိမ်အတွင်း၌ WRA -52 ကျည်တစ်တောင့်၊ ပွိုင့် ၃၂ ကျည်သုံးတောင့်၊ WRA -53 ကျည်နှစ်တောင့်စသည့် ကျည်ဆံများကိုလည်း တွေရှိခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ တရားမ၀င်လက်နက်ကိုင်ဆောင်သူသည် ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေအမှတ် (၅) တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ထိုသူမှာဆိုက္ကားနင်းသူတစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထား သည်။

လွန်ခဲ့သည့် လ အနည်းငယ်ခန့်ကလည်း ထိုဒေသတွင် လက်နက်နှင့် မူးယစ်ဆေးဝါးများ တရားမ၀င် ကူးသန်း ရောင်းဝယ်ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တားမြစ်ဟန့်တားနိုင်စေရန်အတွက် မှတ်ပုံတင်မဲ့ မော် တော်ယာဉ်အများအပြားကို ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment