Wednesday 4 September 2013

စာနယ်ဇင်း ဥပဒေများသည် များပြားနေပြီး ကျစ်လျစ်မှုမရှိသဖြင့် ပေါင်းစည်း၍ရသော မီဒီယာဥပဒေများကို ပေါင်းစည်းရန် လွှတ်တော်တင်မည်

စာနယ်ဇင်း ဥပဒေများသည် များပြားနေပြီး ကျစ်လျစ်မှု မရှိသဖြင့် ပေါင်းစည်း၍ရသော မီဒီယာ ဥပဒေများကို ပေါင်းစည်းရန် လွှတ်တော်သို့ တင်သွင်းမည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က စက်တင်ဘာ ၃ ရက်တွင် ပြောကြားသည်။


လက်ရှိကျင့်သုံးနေသည့် စာနယ်ဇင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် စာနယ်ဇင်းဆိုင်ရာ ဆက်စပ်ဥပဒေများအပြင် ယခုအစိုးရသစ် လက်ထက်၌ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ၊ စာနယ်ဇင်းကောင်စီမှ ရေးဆွဲတင်သွင်းသည့် သတင်းမီဒီယာ ဥပဒေကြမ်း၊ ပြန်ကြားရေး ၀န်ကြီးဌာနမှ ဆောင်ရွက်နေသည့် အများပြည်သူ ၀န်ဆောင်မှုဆိုင်ရာ ဥပဒေကြမ်းဟူ၍ စာနယ်ဇင်းဆိုင်ရာ ဥပဒေ အများအပြား ရှိနေသည်ဟု သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က "ဥပဒေပညာရှင်တွေ အဆိုအရ ကဏ္ဍတစ်ခုမှာ ဥပဒေတွေ များနေတာ မကောင်းပါဘူး။ ကျစ်ကျစ်လျစ်လျစ် ရှိသင့်ပါတယ်။ အခုပုံနှိပ်ထုတ်ဝေ ဥပဒေ ရှိတယ်။ ဒါက အစိုးရက တင်သွင်းတာ။ စာနယ်ဇင်းကောင်စီက ရေးဆွဲတဲ့ မီဒီယာဥပဒေ ရှိတယ်။ ပြီးခဲ့တဲ့ အစိုးရ လက်ထက် က ဆက်စပ်ဥပဒေတွေ ရှိတယ်။ စာနယ်ဇင်းနဲ့ ပတ်သက်ပြီး လက်ရှိညွှန်ကြားထားတဲ့ ညွှန်ကြား ချက်တွေက ဥပဒေကဲ့သို့ ဖြစ်နေတာတွေ ရှိတယ်။ အခုလို ဒီမိုကရေစီ ဖော်ဆောင်တဲ့ ကာလမှာ နှောင့်ယှက် သလို ဖြစ်နေတယ်။ ဒီဥပဒေတွေကို ပြန်လေ့လာပြီး ပေါင်းသင့်တာ ပေါင်းနိုင်ဖို့၊ နှစ်ခုရှိရင်နှိုင်းယှဉ်ပြီး ပေါင်းလို့ရရင် ပေါင်းစည်းနိုင်မယ့် နည်းလမ်းတွေကို လွှတ်တော်ကို တင်ပြဖို့ ရှိပါတယ်" ဟု ပြောကြားသည်။
ပေါင်းစည်း၍ရသော မီဒီယာဥပဒေများကို ပေါင်းစည်းနိုင်ရန် လာမည့်အောက်တိုဘာလအတွင်း ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် စတင်ဆောင်ရွက် သွားမည်ဟု ဦးသိန်းညွန့်က ဆက်လက်ပြောကြားသည်။
Eleven Media Group

No comments:

Post a Comment