Wednesday 4 September 2013

မြန်မာနိုင်ငံ၌ အတင်းအဓမ္မ စေခိုင်းမှု ပပျောက်ရေးကို ၂၀၁၅ ခုနှစ် မတိုင်မီ ILO မှ လုပ်ဆောင်မည်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (International Labour Organization) အနေဖြင့် မြန်မာနိုင်ငံ၌ အတင်းအဓမ္မ စေခိုင်းမှု ပပျောက်ရေးကို ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ILO (မြန်မာ) ဆက်ဆံရေး အရာရှိ Steve Marshall က ပြောကြားသည်။

စက်တင်ဘာ ၃ ရက်က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ILO ရုံးတွင် ပြုလုပ်သည့် အစိုးရဌာန ကိုယ်စားလှယ်များအား အသိပညာပေး ဆွေးနွေး၌ ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ILO အနေနဲ့ လူကုန်ကူးမှု ကိစ္စ၊ ကလေးအလုပ်သမား ခိုင်းစေမှု၊ အတင်းအဓမ္မ ခိုင်းစေမှုတွေ ပပျောက်ဖို့ အတွက် အလုပ်သမား ၀န်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ် စသည်ဖြင့် ဌာနတွေပါဝင်တဲ့ အဖွဲ့ကိုဖွဲ့စည်းပြီး ပူးပေါင်း လုပ်ဆောင် နေပါတယ် . . . . .

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ အနေဖြင့် အတင်းအဓမ္မ လုပ်အားခိုင်းစေမှု ပပျောက်ရေး၊ ကလေးအလုပ်သမား ခိုင်းစေမှု၊ ခွဲခြားဆက်ဆံမှု၊ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခြင်း စသည့်အခြေခံ အချက်လေးချက်ကို မြန်မာနိုင်ငံတွင် ပပျောက်အောင် အစိုးရ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံမှာ အတင်းအဓမ္မစေခိုင်းမှု ပုံစံအမျိုးမျိုး ပပျောက်ဖို့အတွက် အစိုးရနဲ့ ၂၀၀၇ ခုနှစ်ကစပြီး ပူးပေါင်းဆောင်ရွက် နေပါတယ်။ နောက်မြန်မာအစိုးရ အနေနဲ့လည်း ဒါကို ၂၀၁၅ ထက် နောက်မကျဘဲ ပပျောက်အောင်ပြုလုပ်ဖို့ ILO နဲ့ သဘောတူလက်မှတ် ရေးထိုးထားပါတယ်။ ပြီးခဲ့တဲ့ မြန်မာအစိုးရ အနေနဲ့ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေကို လိုက်နာမှု မရှိတဲ့အတွက် ILO နဲ့ မသင့်မြတ်တာတွေ ရှိခဲ့ပါတယ်" ဟု ILO (မြန်မာ) ဆက်ဆံရေး အရာရှိ Steve Marshall က ပြောကြား ခဲ့သည်။

"ILO အနေနဲ့ လူကုန်ကူးမှု ကိစ္စ၊ ကလေးအလုပ်သမား ခိုင်းစေမှု၊ အတင်းအဓမ္မ ခိုင်းစေမှုတွေ ပပျောက်ဖို့ အတွက် အလုပ်သမား ၀န်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု တရား လွှတ်တော်ချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်စသည်ဖြင့် ဌာနတွေပါဝင်တဲ့အဖွဲ့ကို ဖွဲ့စည်းပြီး ပူးပေါင်း လုပ်ဆောင် နေပါတယ်" ယင်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာအစိုးရ အနေဖြင့် ၁၉၄၈ ခုနှစ်တွင် ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့သို့ ၀င်ရောက်ခဲ့ပြီး လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခြင်းနှင့် အတင်းအဓမ္မ ခိုင်းစေမှုကို ၂၀၁၅ ခုနှစ် မတိုင်မီ လုပ်ဆောင်ရန် ၁၉၅၅ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့နှင့် သဘော တူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

Eleven Media Group

No comments:

Post a Comment