Monday 2 September 2013

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ လှည့်ကွက်များ အတွင်းသို့ ပြည်သူများ ကျရောက်မသွားရန် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု မကြာခဏ ပြုလုပ်ရန် လိုအပ်


မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများအတွင်း မြန်မာပြည်သူများ ကျရောက်သွားပါက အဓိကရုဏ်းများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး အဆိုပါ အဓိကရုဏ်းများ မဖြစ်ပေါ်စေရန် ဘာသာရေး ခေါင်းဆောင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများ မကြာခဏ ပြုလုပ်ရန် လိုအပ်နေကြောင်း သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ငြိမ်းချမ်းမှုရရှိရန် လုပ်ဆောင်ခဲ့သူ Mr. Ajan Pracha Hutanuwatr က ပြောကြားသည်။

"ပြည်သူလူထုကို ဦးဆောင်နိုင်တဲ့ ဘာသာရေးခေါင်းဆောင်တွေက နိုင်ငံရေး လှည့်ကွက်ထဲမှာ မျောပါမသွားဖို့ နိုင်ငံရေး အသိရှိဖို့ လိုအပ်နေသလို ဘာသာရေး ခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွ အကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏ ပြုလုပ်ပေးဖို့ လိုပါတယ်" ဟု Mr. Ajan Pracha Hu-tanuwatr က ပြောကြားသည်။

မြန်မာနိုင်ငံကဲ့သို့ ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ် ဘာသာဝင်များအကြား လူမှုရေး၊ ဘာသာရေးပြဿနာများ ကြုံနေရသည့် ထိုင်းနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံများတွင် မတူညီသော ဘာသာများအကြား အမုန်းမီးများ ငြိမ်းသတ်နိုင်ရေး ဆောင်ရွက်နေသည့် အနေဖြင့် Mr. Ajan Pracha Hutanuwatr အနေနှင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် ဘာသာရေး ပဋိပက္ခများသည် နိုင်ငံရေးတွင် လူမျိုးရေး၊ ဘာသာရေးအား အသုံးချခဲ့သည့် သီရိလင်္ကာနိုင်ငံကဲ့သို့ တိုင်းပြည်အစိတ်စိတ်အမြွာမြွာ ကွဲထွက်ကာ နိုင်ငံတိုးတက်ရေး ပျက်ပြားသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့လာနိုင်ကြောင်း သုံးသပ်သည်။

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများအတွင်း မြန်မာပြည်သူများ ကျရောက်သွားပါက အဓိကရုဏ်းများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး နိုင်ငံရေးတွင် လူမျိုးရေး၊ ဘာသာရေး အသုံးချခဲ့သည့် သီရိလင်္ကာနိုင်ငံကဲ့သို့ တိုင်းပြည်အစိတ်စိတ်အမြွာမြွာ ကွဲထွက်ကာ နိုင်ငံတိုးတက်ရေး ပျက်ပြားသည့် ဖြစ်ရပ်များနှင့် ကြုံတွေ့လာနိုင်ကြောင်း သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ငြိမ်းချမ်းမှုရရှိရန် လုပ်ဆောင်ခဲ့သူ Mr. Ajan Pracha Hutanuwatr က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ နောက်ကြောင်းပြန်လှည့် လိုသူများ၏ လုပ်ဆောင်မှုသာဖြစ်ကြောင်း ထောက်ပြဝေဖန်မှုများရှိကာ အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူများ အနေဖြင့် ငြင်းဆိုမှု ရှိခဲ့သည်။

အစိုးရသစ် တက်လာပြီး နှစ်နှစ်ကျော် ကာလအတွင်း အဓိကရုဏ်း ဖြစ်ပွားနေမှုမှာ တစ်နှစ်ကျော်လာပြီ ဖြစ်သော်လည်း အဓိကရုဏ်း ဖြစ်ပွားနေမှုများကို ထိရောက်စွာ တားဆီးနိုင်မှု မရှိသည့်အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ လူမျိုးရေး၊ ဘာသာရေးအား အသုံးချ၍ နိုင်ငံရေး အကျိုးအမြတ် ရရှိရန် လုပ်ဆောင်သူ များအား ထိရောက်စွာ တားဆီးနိုင်ရန် ဥပဒေ ပြဋ္ဌာန်းရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသော်လည်း လက်ရှိကာလ အထိ လုပ်ဆောင်နိုင်မှု မရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် ဘာသာရေး ခေါင်းဆောင်များအကြား အပြန်အလှန် ထိတွေ့ဆက်ဆံမှု အားနည်းနေဆဲဖြစ်ကြောင်း သိရသည်။

Eleven Media Group  

No comments:

Post a Comment