Wednesday 24 April 2013

အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူချိန်၌ ကြုံတွေ့နိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ပြင်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

w1-23-4-2
နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံ ရေးရာ ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းကို ဧပြီလ ၂၃ ရက်နေ့ အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေးအပြီး တွေ့ရစဉ်
အာဆီယံ ဥက္ကဋ္ဌတာဝန်ယူချိန်တွင် ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အဆင်သင့် ပြင်ထားကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၏ အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်လင်းကဘရူနိုင်း နိုင်ငံသို့  ရောက်ရှိနေစဉ် ကာလအတွင်း Eleven Media Group သို့ ပြော ကြားခဲ့ပါသည်။
ဘရူနိုင်း နိုင်ငံ၌ ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့များတွင် ပြုလုပ်မည့် (၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ မစတင်မီ ဧပြီလ ၂၃ ရက်နေ့က ပြုလုပ်သော အာဆီယံအဆင်မြင့် အရာရှိများ၏ အကြိုညှိနှိုင်းဆွေးနွေးပွဲအပြီးတွင် Eleven Media Group ၏ မေးမြန်းချက်ကို ဦးအောင်လင်းက ထိုကဲ့သို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်ပါသည်။
“စိန်ခေါ်မှုတွေ အားလုံးကို ကျွန်တော်တို့က ရင်ဆိုင် ဖြေရှင်းဖို့ အဆင်သင့်လုပ်ထားပါတယ်။ စီးပွားရေး အရ စိန်ခေါ်မှု တွေရော၊ နိုင်ငံရေးအရ စိန်ခေါ်မှုတွေရော လူမှုရေးစိန်ခေါ်မှုတွေပါ အားလုံးရင်ဆိုင်ဖို့ အဆင်သင့် ရှိနေပါတယ်”ဟု အာဆီယံ ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်လင်းက ပြောသည်။
၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို  မြန်မာနိုင်ငံကရယူမည် ဖြစ်ပြီး ထိုသို့ တာဝန် ထမ်းဆောင် နိုင်ရန်အတွက် ပြင်ဆင်မှုများကို လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဦးအောင်လင်း က ပြောကြား ခဲ့သည်။
ထို့အပြင် ဥက္ကဋ္ဌ တာဝန်ရယူနေစဉ် ကာလအတွင်း တရုတ်နိုင်ငံနှင့် အာဆီယံ နိုင်ငံအချို့အကြား အငြင်း ပွားနေသော တောင်တရုတ် ပင်လယ်အရေးနှင့် ၂၀၁၅ ခုနှစ် အာဆီယံ စီးပွားရေးအသိုက်အ၀န်း (AEC) ဖော်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များမှာ အရေးပါသောကိစ္စရပ်များ ဖြစ်လာနိုင်သည့် အခြေ အနေ တွင် ရှိနေပါသည်။
“တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ရင် ကျွန်တော်တို့ဟာ ဒီကိစ္စမှာ တိုက်ရိုက်ပါဝင်တဲ့ နိုင်ငံမဟုတ်ပါ ဘူး။  ဒါပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနဲ့ အာဆီယံနဲ့အများ ဆောင်ရွက်တဲ့ အတိုင်းပဲ တူညီတဲ့ရပ်တည်ချက်နဲ့ ဖောင်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဦးအောင်လင်းက ပြောသည်။
အာဆီယံစီးပွားရေး အသိုက်အ၀န်း(AEC) နှင့်ပတ်သက်၍လည်း အာဆီယံ၏ ရည်မှန်းချက် အတိုင်း ဆောင်ရွက်မည်ဟု ဆိုပါသည်။ “AEC နဲ့ ပတ်သက်လို့ ရှိရင်လည်း AEC မှာ သူ့ရည်မှန်းချက်တွေ ရှိတယ်။ AEC ရည်မှန်းချက် တွေကို ကျွန်တော်တို့ဟာ ဆိုလို့ရှိရင် အာဆီယံ နိုင်ငံအနေနဲ့ ပြည့် မီအောင် ဖြည့်ဆည်းဖို့ ရှိပါတယ်”ဟု ဦးအောင်လင်းက ပြောပါသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဖော်ဆောင်နေကြောင်း၊ စီးပွားရေးနှင့် လူမှုရေး ပြုပြင် ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံအဖြစ် ရှိနေဆဲ ဖြစ်သောကြောင့် ထိုအချက်က ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ရန် တွန်းအားတစ်ရပ် ဖြစ်ကြောင်း  နိုင်ငံခြား သတင်း ထောက် များ မေး သည့် မေးခွန်းများကို ဖြေကြား ရာ၌ ဦးအောင်လင်းက ထည့်သွင်း ပြောကြားခဲ့သည်။
(၂၂) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကို ဧပြီလ ၂၄ ရက်နေ့တွင် စတင်ပြုလုပ်မည် ဖြစ်ပြီး ယင်းဆွေးနွေးပွဲသည် ၂၀၁၃ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဘရူးနိုင်ငံက တာဝန် ယူပြီးနောက် ပထမဆုံး အကြိမ် ပြုလုပ်သော ဆွေးနွေးပွဲ ဖြစ်ပါသည်။
From...Eleven

No comments:

Post a Comment