Monday 24 October 2011

သဘာဝ အဖိုးတန် ရတနာများအား အစဉ်ကာကွယ်ကြမည်…

ကမ္ဘာတွင် သက်ရှင်နေထိုင် ကြသူများအတွက် အခြေခံ အကျဆုံးအရာမှာ စားနပ်ရိက္ခာ ဖူလုံပြည့်စုံ စေရေးပင် ဖြစ်သည်။ စားနပ်ရိက္ခာ အခက်အခဲကြောင့် ဖြစ်ပေါ်လာရသည့် ဆင်းရဲငတ်မွတ်မှု အကျိုးဆက် များဖြစ်သော ကျန်းမာရေး ချို့တဲ့မှု၊ လူ့သက်တမ်း တိုတောင်းမှု၊ အလုပ်စွမ်းရည် ကျဆင်းမှု၊ ပညာသင်ယူနိုင်မှုစွမ်းရည် ကျဆင်းမှုတို့သည် လတ်တလော ဘ၀များကိုသာမက နောင်လာမည့် မျိုးဆက်များ တိုင်အောင် ထိခိုက်နစ်နာ စေမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသည် သဘာဝ သယံဇာတ အရင်းအမြစ် များဖြစ်သည့် ရေအရင်းအမြစ်၊ မြေအရင်းအမြစ်များစွာ ဖြစ်တည် ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ အဆိုပါ သဘာဝ သယံဇာတ အရင်းအမြစ်များကို အရင်းပြု၍ စားနပ်ရိက္ခများ ပြည့်စုံကြွယ်ဝစွာ ထုတ်လုပ် ပေးနိုင်ခဲ့ပါသည်။ အလားတူ ကျေးလက်ဒေသများ ဖွံ့ဖြိုး တိုးတက်ရေး အတွက်လည်း လယ်ယာ စိုက်ပျိုးရေးကို အခြေခံကာ လုပ်ဆောင် ပေးနေပါသည်။ စိုက်ပျိုးရေး ကောင်းမွန်ရေးအတွက် ရာသီဥတု ကောင်းမွန်မှုသည်လည်း များစွာ အရေးပါသည်ဖြစ်ရာ ဥတုရာသီ၊ တောကိုမှီဟူသည့် ဆိုရိုးအတိုင်း သစ်တောသစ်ပင်များ ပြုန်းတီးမှု မရှိစေရေးအတွက် သဘာဝသစ်တော အရင်းအမြစ်များကို ထိမ်းသိမ်းကာ ဆောင်ရွက် လျက်ရှိပါသည်။ သစ်တောများ ပြုန်းတီးမှု မရှိစေရေး၊ သစ်တောများ ထာဝစဉ် တည်တံစေရေးအတွက် ပြုန်းတီး သစ်တော နေရာများတွင် သစ်တောစိုက်ခင်း အသစ်များကို အစားထိုးကာ လုပ်ဆောင်ပေး လျက်ရှိပါသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သစ်တော ပြုန်းတီးမှုကို ကာကွယ် နိုင်ရုံသာမက ကာဗွန်ထုတ်လုပ်မှု လျှော့ချသည့် နည်းစနစ်ကိုပါ ဖြစ်ပေါ် စေနိုင်ပါသည်။ အလားတူ သစ်တောဆိုင်ရာ အစိမ်းရောင် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုအတွက် များစွာ အထောက်အကူ ဖြစ်စေမှာလည်း ဖြစ်ပါသည်။


မြန်မာနိုင်ငံသည် ပင်လယ် ကမ်းရိုးတန်းကြီးများရှိပြီး မြစ်၊ ချောင်း၊ အင်းအိုင်များလည်း ဖြစ်တည်လျက်ရှိရာ စားနပ်ရိက္ခာ အတွက် သားငါးများကို ပြည်တွင်း၌ စားသုံးနိုင်သည်သာမက ပိုလျှံ သည်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ ပေးနိုင်ခဲ့ပါသည်။

ယနေ့အချိန်အခါတွင် ခေတ်မီ ငါးမွေးမြူရေး နည်းစနစ်များကို အသုံးပြု လာသည့်အတွက် ငါးမျိုး ငါးကောင်း မျိုးသန့် များကိုလည်း ရရှိလာနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ပြည်တွင်းရိက္ခာ ဖူလုံရုံသာမက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ နိုင်ခဲ့သည့် အတွက် နိုင်ငံခြား ၀င်ငွေများ ရရှိကာ မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံများ တိုးတက်စေရေးအတွက် တစ်ဖက်တစ်လှမ်းမှ အကူအညီ ရရှိလာစေ ခဲ့ပါသည်။ ထို့ကြောင့် ပြည်တွင်း သဘာဝ သယံဇာတများ ပေါကြွယ်ဝ ခြင်းသည် အဆိုပါနိုင်ငံတွင် နေထိုင်ကြသော ပြည်သူများအတွက် ကံကောင်းမှု တစ်ခုဟူ၍လည်း ဆိုနိုင်ပါသည်။

မြန်မာ့ရေမြေ သယံဇာတ ထွက်ကုန်များသည် ရာသီမရွေး ဖြစ်တည်နေသော အရာများပင် ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် တန်ဖိုးမဖြတ်နိုင်သည့် အဖိုးတန်သဘာဝ သယံဇာတများ ရေရှည်တည်တံ့ စေရေးအတွက် အတူတကွ ၀ိုင်းဝန်းပူးပေါင်း ကာကွယ်စောင့်ရှောက် သွားကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။

စောရန်နိုင်
မူရင်းလင့်

No comments:

Post a Comment