Wednesday 7 September 2011

မှတ်သားစရာမပါသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး



အခုအပတ် ပြည်တွင်းထုတ်ဂျာနယ်အချို့မှာ ဒေါ်အောင်ဆန်းစုကြည် ၏ကိုယ်တိုင်ရေး ဆောင်းပါးများ အပြင် အင်တာဗျုးများ လည်း ထုတ်ဝေခွင့်ရရှိခဲ့ကြောင်းသတင်းရရှိပါတယ်။

အခုလို ဖေါ်ပြခွင့်ပြုခြင်းကို ပြည်တွင်းပြည်ပ စာနယ်ဇင်းလောကသားများကကြိုဆိုလိုက်ကြပြီး ဆက်လက်ဖေါ်ပြနိုင်ရေးအတွက် မျှော်လင့် တောင်းဆိုမှုများလည်းရှိကြောင်းသိရပါတယ် ။

ယခုလ ၄ရက်နေ့ထုတ် The Messenger News Journal မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျုး ပါဝင်လာပြီး နှစ်ပေါင်း ၂၀အတွင်း ဘယ်ဂျာနယ်မှာမှဖေါ်ပြနိုင်ခြင်းမရှိသေးတဲ့ အင်တာဗျုးတစ်ခုကို သူတို့ဂျာနယ်ကပထမဆုံး ဖေါ်ပြနိုင်ပြီဖြစ်ကြောင်း သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာဂုဏ်ယူစွာ ဖေါ်ပြထား တာတွေ့ရပါတယ် ။ ဒါပေမယ့်လည်း အင်တာဗျူးကို ဖတ်ကြည့်ပြီးသူများကတော့ ဖြေကြားချက်တွေက နိုဘယ်စုရှင် တစ်ယောက်လို့တောင် မထင်ရပဲ.. အခြေခံပညာတန်းက ကျောင်းသားတစ်ယောက် ဖြေထားတဲ့ အဆင့်ပဲ ရှိတယ်လို့ ပြောကြပါတယ်။


"ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူးဆိုလို့ အထင်ကြီးပြီး ဝယ်ဖတ်လိုက်တာ ဘာမှလည်း မှတ်လောက်သားလောက် မပါဘူးဗျ.. တခြား နိုင်ငံတကာ နိုဘယ်ဆုရှင်တွေနဲ့ အင်တာဗျူးတွေ နဲ့ တခြားစီပဲ.. နိုဘယ်ဆုရှင်ဆိုတာ နာမည်ခံလောက်ပဲ ဖြစ်နေတယ်" လို့ ရန်ကုန်မြို့မှ လူငယ်တစ်ဦးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးမှ အချို့ကို ကောက်နုတ်တင်ပြလိုက်ပါတယ်။

မေးသူက- တိုင်းပြည်ရဲ့ အနာဂတ်၊ တိုင်းပြည်ရဲ့မျှော်လင့်ချက် ဆိုပြီး ပြောခဲ့တဲ့လူငယ်တွေကို ဘယ်လိုမြင်လဲ မေးချိန်မှာ

ဒေါ်အောင်ဆန်းစုကြည်က - အခုခေတ်လူငယ်တွေက ကမ္ဘာနဲ့ဆက်သွယ်ဖို့ အခွင့်အရေး များသွားလို့ ဒါက ဘယ်လိုမှတန်ဖိုးဖြတ်လို့ မရတဲ့တိုးတက်မှုပဲ လို့ဖြေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကမ္ဘာနဲ့ မဆက်သွယ်တဲ့ လူငယ်တွေကိုတော့ တန်ဖိုးတစ်စက်မှမရှိဘူးလို့ ပြောချင်ပုံပါပဲ။ ကျေးရွာတွေမှာနေပြီး ပြည်သူတွေစားဖို့ ဆန်စပါးစိုက်နေတဲ့ လူငယ်တွေ ကို တန်ဖိုးမရှိဘူးလို့တော့ မပြောစေချင်ကြောင်း ဝေဖန်သူတွေ က ပြောပါတယ်။

မေးသူက - အတတ်ပညာ၊ အသိပညာတွေရှာဖွေဖို့၊ အခက်အခဲ ရှိနေတဲ့လူငယ်တွေအတွက်ရော ဘယ်လိုအကြံပြုချင်ပါသလဲ လို့မေးချိန်မှာတော့

ဒေါ်အောင်ဆန်းစုကြည်က - အိပ်ချိန်လျော့ ဖို့၊ အလုပ်ပြီးရင် စာထပ်ကျက်ဖို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမ ခရီးစဉ် ပုဂံသွားတုန်းက မေးချိန်မှာတော့ အိပ်ပြီးရင်း အိပ်ချင်နေတာကြောင့် အိပ်ပဲအိပ်နေတယ် လို့ ပြောခဲ့ပါတယ်။ ခုတော့ လူငယ်တွေကို အိပ်ချိန်ရှော့ပြီး စာကျက်ဖို့ ပြောသွားပါတယ်။

ဒီနှစ်ထဲမှာပဲ တိုင်းရင်းသားချင်း အပစ်အခက်ရပ်ဆဲကာ ချစ်ချစ်ခင်ခင်နေဖို့ အိပ်ဖွင့်ပေးစာပေးခဲ့ပြီးမှ မောင်နှမချင်း တော့ အပြန်အလှန် တရားစွဲ ရန်ဖြစ်နေခဲ့ပါသေးတယ်။

မြန်မာ့အရေးကျွမ်းကျင်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်က ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ဆိုတဲ့ လူစားမျိုးဖြစ်တယ်ဆိုပြီး ဝေဖန်ကြပါတယ်။

မေးသူက - နိုင်ငံရေးနဲ့ စီးပွားရေးဆက်စပ်မှု အခြေအနေက လူငယ်တွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိတယ်လို့ထင်ပါသလဲ။ လို့မေးချိန်မှာတော့

ဒေါ်အောင်ဆန်းစုကြည်က- ဟန်းဖုန်းကိုင်တယ်ဆိုရင် ကိုယ်ဆက်ချင်တဲ့သူဆီ ဆက်လို့ရတယ်။ လို့ဖြေသွားပါတယ်။ (မှတ်ထားကြပါ။)

မေးသူက - တချို့ လူငယ်တွေက လက်ရှိကိုယ့်ဘ၀ကို အားမရကြပါဘူး။စကားပြောတဲ့အခါမှာလည်း မျှော်လင့်ချက်မဲ့တဲ့စကားတွေ ပြောတတ် ကြတယ်။ အဲဒီလိုလူမျိုးတွေအတွက် ဘယ်လိုအကြံပြုချင်ပါသလဲ။ လို့မေးချိန်မှာတော့

ဒေါ်အောင်ဆန်းစုကြည်က - အောင်မြင်ခြင်းတရားလေးပါးက ဆန္ဒနဲ့စတယ်။ ဆန္ဒပြီးရင် ၀ီရိယပါလာတယ်။ ဆန္ဒရှိပြီးတော့ ၀ီရိယမထုတ်လို့မရပါဘူး။ နောက်ပြီး စိတ်ဓာတ်ကလည်းရှိရမယ်။ ပညာကလည်းရှိရမယ်။ ဒါက အခုမှ ပေါ်လာတဲ့စကားမဟုတ်ပါဘူး။ ရှေးကတည်းက တရားတော်တွေထဲမှာ ပါတဲ့အောင်မြင်ခြင်းတရားတွေပဲ။ အဲဒီဟာတွေအတိုင်း လုပ်သွားမယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့နေရာကိုရောက်ရမှာပေါ့။ လို့ပြောခဲ့ပါတယ်။

အောင်မြင်စေရာ အောင်မြင်စေကြောင်း နည်းလမ်းတွေကို သူများတွေကို ချပြနေပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တိုက်ပွဲဝင်နေတဲ့ ဒီမိုကရေစီ တိုက်ပွဲကတော့ ၂၃ နှစ်ကျော်လာတဲ့ထိ မအောင်မြင်နိုင်သေးဘူးဖြစ်နေပါတယ်။ လက်ရှိအစိုးရကတော့ အခြေခံဥပဒေကို အောင်အောင်မြင်မြင် ရေးဆွဲနိုင်ခဲ့ပြီး ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ပြုလုပ်နိုင်ကာ၊ လွှတ်တော်ကို အောင်အောင်မြင်မြင် ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်ပါတယ်။

ဝါရင့်နိုင်ငံရေးကျွမ်းကျင်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အောင်မြင်ခြင်းတရားတွေကို ပါးစပ်ကပဲ ပြောမနေပဲ။ ကိုယ်တိုင် ဆန္ဒရှိဖို့၊ ဝီရိယထုတ်ဖို့နဲ့ ပညာရှိဖြစ်အောင်လည်း ကျိုးစားဖို့လိုတယ်လို့ ပြောကြပါတယ်။

မေးသူက - အခုခေတ်မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ တစ်ဖက်ကစိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေပိုများလာတယ်လို့လဲ တချို့ကသုံးသပ်ကြတယ်။ တစ်ဦးနဲ့တစ်ဦးထားတဲ့ မေတ္တာတရားတွေအားနည်းလာတယ်လို့လဲ ပြောကြတယ်။ အဲဒီအပေါ်မှာ သုံးသပ်ပြော ပြပေးပါဦး။ လို့ သုံးသပ်ခိုင်းချိန်မှာတော့..

ဒေါ်အောင်ဆန်းစုကြည်က - နိုက်ကလက်သွားတယ်ဆို တာလည်း လူငယ်သဘာဝပျော်ရွှင်ချင်လို့ သွားတာ အပြစ်မမြင်ပါဘူး။ လို့ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူမ ငယ်ငယ်တုန်းက ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်ကို မူတည်ပြီး ဖြေကြားသွားပုံပေါက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ငယ်ငယ်တုန်းက နိုက်ကလပ်တွေ ခဏခဏ တက်ခဲ့တယ်လို့ ဗြိတိန်အသိုင်းအဝိုင်းက ပြောကြပါတယ်။

မေးသူက - လူငယ်တွေအနေနဲ့ ဘယ်လိုစာအုပ်မျိုး ရွေးဖတ်သင့်တယ်ဆိုတာကို စာဖတ်ဝါသနာပါသူတစ်ယောက်အနေနဲ့ လမ်းညွှန်ပေးပါဦး။ ဆိုပြီး အကြံညာဏ်တောင်းချိန်မှာတော့

ဒေါ်အောင်ဆန်းစုကြည်က - ကျွန်မဆို ငယ်ငယ်က ကလေးစာအုပ်တွေစဖတ်ခဲ့ရတာ။ အသက်ကြီးလာတော့ ကဗျာကိုပိုစိတ်ဝင်စားတယ်။ လို့ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်တာဗျူး ထွက်အပြီးမှာ ရန်ကုန်မြို့ စာပေအသိုင်းအဝိုင်းအတွင်း တွတ်ပီစာအုပ်များ၊ ဘိုဘို စာအုပ်များနဲ့ ကဗျာ စာအုပ် အများအပြား ရောင်းချခဲ့ရတယ်လို့ ရန်ကုန် စာနယ်ဇင်းနဲ့ နီးစပ်တဲ့ သတင်းရက်ကွက်က ရပါတယ်။

အင်တာဗျူးကို ဖတ်မိလိုက်တဲ့ လူကြီးလူငယ် အားလုံးက အံ့သြမိကြပါတယ်။ သူတို့ထင်ထားသလို မဟုတ်လို့ အားမလိုအားမရ ဖြစ်ကြရတယ်လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှင့်ပုဂံအပန်းဖြေခရီးအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားထားတဲ့ " အပန်းဖြေနားရက်များ " အမည်ရှိဆောင်းပါးကိုလည်း လာမည့်အင်္ဂါနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်တွင် အဖြတ်အတောက်မရှိဖေါ်ပြခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါတယ် ။ အဲဒီ ဂျာနယ်မှာပဲ ယခင်အစိုးရလက်ထက်က အစိုးရကို ဆက်တိုက်ဆိုသလို အတိုက်အခံပြုခဲ့တဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်ရဲ့ " သခင်အောင် ဆန်းရေးခဲ့သော နိုင်ငံရေးဆောင်းပါး တစ်ပုဒ် " အမည်ရှိဆောင်းပါးလည်း ပါဝင်လာမှာဖြစ်ကြောင်းသိရှိရပါတယ်...။
( http://myanmarexpress.blogspot.com/ )မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment