Wednesday 14 September 2011

လူ့အခွင့်အရေး ချိုးဖောက်မှုကို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အရေးယူရန် ကူညီမည်


မကြာခင်က ဖွဲ့စည်း လိုက်တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးယူ ဆောင်ရွက်နိုင်ဖို့အကူအညီများ ပေးသွားမှာ ဖြစ်တယ်လို့ စက်တင်ဘာလ (၁၃)ရက်နေ့က ချက်ထရီယံ ဟိုတယ်မှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Mr.Derek Mitchell တို့ တွေ့ဆုံပွဲမှ သိရပါတယ်။

အဆိုပါ လူ့အခွင့်အရေး ကော်မရှင်ဟာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့မှ အမိန့်ကြော်ငြာ စာအမှတ် (၃၄/၂၀၁၁)နဲ့ စက်တင်ဘာလ (၅)ရက်နေ့က ကြေငြာ ဖွဲ့စည်းပေး လိုက်တာ ဖြစ်ပါတယ်။ အခုလို ဖွဲ့စည်း ပေးလိုက်တဲ့ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်း ထားတဲ့ နိုင်ငံသားများရဲ့ မူလအခွင့်အရေးများကို မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်း လိုက်တာ ဖြစ်ပြီးအဆိုပါ လူ့အခွင့်အရေး ကော်မရှင်မှာ အငြိမ်းစားသံ အမတ်ကြီး ဦးဝင်းမြက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက် သွားမှာဖြစ်ပြီး တိုင်းရင်းသား လူမျိုး ပေါင်းစုံနဲ့ ဘာသာစုံမှ စုစုပေါင်း အဖွဲ့ဝင်(၁၅)ဦး ပါဝင်တာ ဖြစ်ပါတယ်။


လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ကို ကုလသမဂ္ဂမှ ချမှတ်ထားတဲ့ ပါရီအခြေခံမူ များအတိုင်း ဖွဲ့စည်း ပေးခဲ့တာ ဖြစ်တာကြောင့် လွတ်လပ်စွာ ပြောဆို လုပ်ပိုင်ခွင့်များ ရရှိထားတယ်လို့ သိရပါတယ်။ ဒီလို လုပ်ပိုင်ခွင့်များ ရရှိထားတာကြောင့် တိုင်ကြားလာတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုတွေကို ထိရောက်တဲ့ အကူအညီများ ပေးနိုင်ဖို့ အတွက် အဆိုပါ ကော်မရှင်မှ နိုင်ငံတော် သမ္မတထံသို့ တိုက်ရိုက် တင်ပြခွင့် ကိုလည်း ရရှိထားတယ်လို့ သိရပါတယ်။ အဆိုပါ လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဟာ ဆာဆီယံအဖွဲ့ဝင်နိုင်ငံများထဲမှာ (၅)ခုမြောက်ဖွဲ့စည်းလိုက်တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ယခင်က ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မလေးရှားစတဲ့ နိုင်ငံတွေမှာ ယခုလို အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များကို ဖွဲ့စည်းခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နေနဲ့ ယခုအချိန်မှာ လုပ်ထုံးလုပ်နည်း များအတွက် အခြေခံ မူကြမ်းကို ရေးဆွဲ လျက်ရှိပြီး မကြာခင်မှာ အကောင်အထည် ဖော်လုပ်ကိုင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့အစည်း လည်ပတ်မှု အတွက် ပြည့်ဝတဲ့ ဘဏ္ဍာရေး ထောက်ပံ့မှု တွေကို ပြည်ထောင်စု အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးထားပေမယ့် မည်သည့် ၀န်ကြီးဌာနရဲ့ အနှောင်အဖွဲ့ တစ်စုံတစ်ရာမျှ မပါဝင်ကြောင်း သိရပါတယ်။ ဒါ့ကြောင့် တိုင်ကြားလာတဲ့ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုတွေကို သက်ဆိုင်ရာ ဌာနများသို့ ဆက်လက် တင်ပြကာ အရေးယူ ဆောင်ရွက်နိုင်ဖို့ တွန်းအားပေး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ (http://www.mrtv4.net.mm/)မှကူးယူဖော်ပြသည်။

No comments:

Post a Comment