Tuesday 7 July 2015

MNDAA၊ TNLA နဲ့ AA တို့ဟာ ငြိမ်းချမ်းရေးနဲ့ တန်ရဲ့လား ?

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇူလိုင် ၃ ရက် နဲ့ ၄ ရက်နေ့တွေက UPWC နဲ့ တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တို့ အကြိုတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အပြီးသတ် လက်မှတ်ရေးထိုးနိုင်ဖို့တွေ့ဆုံဆွေးနွေးမှာ ဖြစ်တဲ့ အတွက် ကောင်းမွန်တဲ့အဖြေရလဒ် ထွက်ပေါ်လာမယ်လို့လဲ မျှော်လင့်မိပါတယ်။ အဲဒီအထဲမှာ ပိုပြီးထူးခြား နေတာက MNDAA ၊ TNLA နဲ့ AA တို့အနေနဲ့ အပစ်ရပ်စာချုပ်မှာလက်မှတ် ထိုးခွင့်ရရေး တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ် တွေဘက်က တောင်းဆိုနေတဲ့ကိစ္စဟာ စိတ်ဝင်စားစရာကောင်းနေ ပါတယ်။

“ချင်းမိုင်မှာ အဲဒီ ၃ ဖွဲ့ကိုထည့်သွင်း လက်မှတ်ထိုးဖို့ တိုင်းရင်းသားတွေဘက်က တောင်းဆိုတယ်လို့ သိရပါ တယ်။ MNDAA၊ TNLA နဲ့ AA အဖွဲ့တွေကို တော့ လက်မှတ်ထိုးခိုင်းမှာ မဟုတ်ဘူးဗျ၊ ဘာဖြစ်လို့လဲ ဆိုတော့ MNDAA ဘက်ကနေ TNLA နဲ့ AA တို့က ကူတိုက် ပေးတယ် လေ၊ အစိုးရတပ်တွေက တောက်လျှောက် လိုက်ချေမှုန်းတော့မှ အထိနာပြီး လက်မှတ် ထိုးချင်တယ်ဆိုတာကတော့ အရမ်းလွယ်လွန်းနေပါတယ်။ MNDAA ကို အပစ်ရပ်ရေးစာချုပ်မှာ ထည့်စဉ်းစားစရာမလို ပါဘူး ၊ ဒါက ကျွန်တော့်အမြင်ပြောတာပါ ” ဟု ငြိမ်းချမ်းရေးလိုလားသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

အဆိုပါ အကြိုညှိနှိုင်းဆွေးနွေးပွဲတွင် အဆင့်မြင့်ကိုယ်စားလှယ်ဘက်မှ အဲဒီအဖွဲ့ ၃ ဖွဲ့နဲ့ပတ်သက်ပြီး အဓိကထားဆွေးနွေး ခဲ့ကြောင်း MNDAA ၊ TNLA နဲ့ AA အဖွဲ့တွေက လက်မှတ်မထိုးနိုင်ခဲ့ပါက ၄င်းတို့ အတွက် ဘယ်လိုစဉ်းစားထားသည်ကို သိရှိလိုပါကြောင်း၊ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုး၍ ကျန်အဖွဲ့တွေကို ထိုးစစ်ဆင်နေပါက အခက်အခဲရှိ ပါကြောင်း ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

“ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်ကလည်း လော်ခီးလာမလုပ်ခင် ချင်းမိုင်တွေ့ဆုံပွဲမှာ ပြောသွားပြီး ပြီပဲ၊ AA၊ MNDAA နဲ့ TNLA သုံးဖွဲ့လုံးကို ဘယ်လိုအခြေအနေဆိုရင် လက်ခံမယ်၊ ဘယ်လိုအခြေအနေဆို လက်မခံဘူး စသည်ဖြင့်ပေါ့၊ တိုင်းရင်းသားတွေ အဲဒီသုံးဖွဲ့ကိုပါ စေချင်ပေမယ့် သူတို့ကျူးလွန်ထားတဲ့ အပြစ်တွေကြောင့် ပါဝင်ခွင့်ရဖို့မဖြစ်နိုင်ပါဘူး“ ဟု ထိုင်း-မြန်မာနယ်စပ်မှ အကြီးတန်းသတင်းထောက် တစ်ဦးက ဆိုပါတယ်။ 

AA နဲ့ပတ်သက်၍ အစိုးရဘက်မှ AA ဟာ ရခိုင်အဖွဲ့ဖြစ်သည့်အလျောက် အခြားရခိုင်အဖွဲ့များလည်း ရှိကြောင်း၊ လက်ရှိတွင် ALP နဲ့တစ်ဖွဲ့တည်းပူးပေါင်းလိုလျှင် အစိုးရအနေနဲ့ လက်ခံနိုင်ကြောင်း၊ သို့သော် AA အနေနဲ့ ရခိုင်ပြည်နယ်မှာ အခြေ ချခြင်း၊ စစ်ရေးလှုပ်ရှားမှုပြုလုပ်ခြင်းကို လက်မခံနိုင်ကြောင်း၊ ကချင် ပြည်နယ်ရှိ KIO နယ်မြေအတွင်း AA အဖွဲ့နေထိုင် သည်ကို ကန့်ကွက်ရန်မရှိကြောင်း ပြောကြား တယ်လို့သိရပါတယ်။

AA ဟာရခိုင်ပြည်နယ်အကျိုးကို မဆောင်ရွက်ဘဲ KIA လက်အောက်ခံအဖွဲ့အဖြစ် ရပ်တည်နေရာမှ ရခိုင် ပြည်နယ်စပ်သို့ ရည်ရွယ်ချက်ရှိရှိဝင်ရောက်လာပြီး အစိုးရတပ်များအားရန်စ ပစ်ခတ်မှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရတာလည်းဖြစ်ပါတယ်။ AA အနေနဲ့ အစိုးရသဘောထားကိုလက်မခံရင် အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးခွင့်ရမှာမဟုတ်ပါဘူး။ နောက် တစ်ချက် က KIA ရဲ့လွှမ်းမိုးချုပ်ကိုင်မှုမပါဘဲ နဲ့ AA အနေနဲ့ ကိုယ့်ဘာသာရပ်တည်ဖို့လည်းလိုပါတယ်။ဒါမှ AA ကိုအထင်မသေး ကြမှာလေ။ အခုဟာက KIA ရဲ့ ခိုင်းဖတ်လိုဖြစ်နေတာ။ 

အလားတူ TNLA ဟာလည်းအစိုးရဘက်က ဆွေးနွေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ အစိုးရဘက်က လိုအပ်ရင် နှစ်ဦးနှစ်ဖက် သဘောတူစာချုပ် ပြုလုပ်မယ်လို့လည်းသိရပါတယ်။ တကယ်လို့ TNLA အနေနဲ့ NCAစာချုပ်မှာ လက်မှတ်မထိုးဖြစ်ခဲ့ လျှင်လည်း ငြိမ်းချမ်းရေးအတွက်တံခါးဖွင့်ထားမယ်၊ မဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို ရနိုင်မှာမဟုတ်ပါဘူး၊ မကြာမီ ပလောင်ဒေသမှာ ငြိမ်းချမ်းရေးထောက်ခံပွဲပြုလုပ်ဖို့ လျာထားတယ်လို့လဲ အစိုးရဘက်က ပြောကြောင်းသိရပါတယ်။ အစိုးရအနေနဲ့ အဲဒီ ထောက်ခံပွဲကနေတစ်ဆင့် TNLA နဲ့ ဆွေးနွေးနိုင်ဖို့ ကြိုးစားမယ်လို့ သိရပါတယ်။ ဒါပေမဲ့ လမ်းပိတ် ဆက် ကြေး ကောက်တာ၊ ပစ်ခတ် တိုက်ခိုက်တာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီးတာ တွေလုပ်ရင်တော့ လုံခြုံရေး အရ အရေးယူဆောင်ရွက်မယ်လို့ ဆိုပါတယ်။ TNLA အဖွဲ့ဟာ ဇူလိုင် ၄ ရက်နေ့က နမ္မတူအခြေစိုက် နယ်မြေခံ အစိုးရ တပ်ရင်းအား လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ သေဆုံးဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့တန်ရဲ့လား မေးစရာဖြစ်နေပါတယ်။

“ MNDAA ကတော့ ဟိုနှစ်ဖွဲ့နဲ့မတူဘူး၊ လက်နက်နဲ့ နိုင်ငံရေးလဲမှရမှာ၊ ကိုးကန့်ဒေသစစ်ပွဲဟာ သူတို့စလို့ဖြစ်တဲ့ အတွက် သူတို့ကိုယ်တိုင်ပဲ အဆုံးသတ်ရမှာ၊ ကိုးကန့်ဒေသမှာ စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်ရေးအခြေပြုစခန်းတွေ မရှိရင် အစိုးရတပ်တွေကလည်း တိုက်စရာမလိုဘူးလေ၊ အစိုးရဘက်ကတော့ နိုင်ငံရေး တံခါး ဖွင့်ထားပါတယ်။ သူတို့သုံးဖွဲ့လုံးရဲ့ အနာဂတ်ကတော့ သူတို့ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်မှာပါ၊ ဘာပဲ ဖြစ်ဖြစ် အဲဒီ ၃ ဖွဲ့ကိုအဓိကထားနေရင် အပစ်ရပ်ရေး က ကြာနေမှာပဲ၊ ဒီတော့ အပစ်ရပ်စာချုပ်ကို အမြန်ဆုံး ချုပ်ဆိုနိုင်ဖို့ပဲ လုံးပန်းရမှာ၊ ၂၀၁၅ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ အမြန်ဆုံးအဆုံးသတ်နိုင်ရင် ကောင်းတာပေါ့ ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ပညာရှင်တစ်ဦးက ပြောကြားသွားပါတယ်။

‪ဇော်မောင်‬
‪ပုဂံအွန်လှိုင်းမီဒီယာ‬

No comments:

Post a Comment