Saturday 20 June 2015

အမေရိကန်၏ ဗုံးကြဲမှုမှ အကြမ်းဖက်ခေါင်းဆောင် ဘယ်လ်မော့ခ်တာ လွတ်မြောက်ခဲ့ဟု အယ်လ်ကိုင်ဒါ ကြေညာ

လစ်ဗျားတွင် အမေရိကန် လေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နာမည်ကြီး အကြမ်းဖက်ခေါင်းဆောင်တစ်ဦး သေဆုံးသွားကြောင်း သတင်းများကို အယ်လ်ကိုင်ဒါ တပ်ဖွဲ့က ငြင်းချက် ထုတ်ပြန်ခဲ့သည်။
လစ်ဗျားအစိုးရသည် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်၏ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း မော့ခ်တာဘယ်လ်မော့ခ်တာ သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန် ကြေညာခဲ့သည်။ အမေရိကန်ကမူ မိမိတို့သည် ဘယ်လ်မော့ခ်တာကို ရည်ရွယ်သည့် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း ဂျီဟတ်ဝါဒီ ခေါင်းဆောင် သေဆုံးခြင်း ရှိ၊ မရှိကိုမူ မှတ်ချက် မပေးခဲ့ချေ။

ယခုအခါ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့က ဆာဟာရမှ တစ်ဖက်လပ်ရှိတ်ခ်ဟု နာမည်ကြီးသူ ဘယ်လ်မော့ခ်တာ အနေဖြင့် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဇွန်လ ၁၄ ရက်က အမေရိကန်၏ F15 တိုက်လေယာဉ် နှစ်စီးသည် လစ်ဗျားနိုင်ငံ၊ အက်ဂ်ျဒါဘီယာမြို့မှ နေအိမ်တစ်လုံးကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး လစ်ဗျားအစိုးရက ဘယ်လ်မော့ခ်တာ သေဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဘယ်လ်မော့ခ်တာသည် အယ်လ်ဂျီးရီးယား နိုင်ငံသား တစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းက အယ်လ်ဂျီးရီးယားတောင်ပိုင်း အေမန်နက်စ် ဓာတ်ငွေ့စက်ရုံကို သိမ်းပိုက်ပြီး အလုပ်သမား ၈၀၀ ကျော်ကို ဓားစာခံအဖြစ် ရက်ပေါင်းအတန်ကြာ ထိန်းသိမ်းခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကို ကြိုးကိုင်သူအဖြစ် ထင်ရှားသည်။ အဆိုပါ ဖြစ်ရပ်တွင် ဓားစာခံများကို ကယ်ထုတ်ရန် ကြိုးစားသည့် စစ်ဆင်ရေးအတွင်း ဓားစာခံ ၃၈ ဦး ကြားညပ် သေဆုံးခဲ့ရသည်။

ယခင်က အယ်လ်ကိုင်ဒါ တပ်ဖွဲ့၏ ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည့် ဘယ်လ်မော့ခ်တာနှင့် ပတ်သက်ပြီး မက်ဂ်ဟ်ရက်ဘ်ရှိ အယ်လ်ကိုင်ဒါ တပ်ဖွဲ့ခွဲက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ “မူဂျာဟေဒင် စစ်ဦးစီး ခါလစ်ဒ် အဘူအယ်လ် အဘက်စ်ဟာ သက်ရှိထင်ရှားနဲ့ ကျန်းမာရေး ကောင်းမွန်စွာ ရှိနေဆဲပါ။ ဘုရားသခင်ရဲ့ နယ်မြေမှာ သူဟာ လှည့်လည်သွားလာပြီး ဟိန်းဟောက်  နိုးကြားနေဆဲ ဖြစ်ပါတယ်။ သူ့ရဲ့ မဟာမိတ်တွေကို ထောက်ပံ့ကူညီရင်း၊ ရန်သူတွေကို ချေမှုန်းရင်း သူဆက်ပြီး ရပ်တည်နေပါတယ်”ဟု ဖော်ပြထားသည်။ ခါလစ်ဒ် အဘူအယ်လ် အဘက်စ်သည် အယ်လ်ကိုင်ဒါ တပ်ဖွဲ့တွင် ဘယ်လ်မော့ခ်တာကို ခေါ်ဝေါ်သည့် အမည်ဖြစ်သည်။

ဘယ်လ်မော့ခ်တာသည် အယ်လ်ကိုင်ဒါ ပင်မအဖွဲ့အစည်းတွင် ထိပ်တန်း ခေါင်းဆောင်များနှင့် ဆက်ဆံရေး မပြေလည်မှုများ ရှိခဲ့သည့်နောက် ၂၀၁၂ ခုနှစ်တွင် အယ်လ်ကိုင်ဒါ၏ မြောက်အာဖရိက တပ်ခွဲအဖြစ် အစ္စလာမစ် မက်ဂ်ဟ်ရက်ဘ် အကြမ်းဖက် အဖွဲ့ကို ကိုယ်တိုင်ဦးစီး ထူထောင်ခဲ့သည်။

_Ref: Telegranph

No comments:

Post a Comment