Sunday, 21 September 2014
MLM ဋီကာ (သို့မဟုတ်) ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း
ညခင်းပိုင်းအိမ်တွင် နားနားနေနေ တီဗီကြည့်နေခိုက် သင့်အလုပ်ထဲမှ မိတ်ဆွေတစ်ဦးက ကောင်းမွန်သပ်ရပ်စွာ ထုပ်ပိုးထားသည့် ဆေးဝါးများ၊ အလှကုန်များပါဝင်သည့် အိတ်တစ်လုံးကိုဆွဲကာ သင့်ထံသို့အရောက်လာပြီး ‘‘ဒီပစ္စည်းတွေက အရမ်းကောင်းတယ်။ ကိုယ်တွေ့နော်။ ဒါလေးသုံးကြည့်ပါဦး။ လစဉ်အပိုငွေရချင်ရင် ဒီမှာ မန်ဘာဝင်လိုက်ပါလား။ လက်ရှိအလုပ်အကိုင်လည်း မပျက်ဘူး။ မန်ဘာဝင်အသစ်ရှာနိုင်ရင် သူတို့ဆီကနေ ကော်မရှင်လည်း လတိုင်းပုံမှန်ရမယ်။ အချိန်တိုတိုအတွင်း ကိုယ့်ကြိုးစားမှုပေါ်မူတည်ပြီး သိန်းဂဏန်းဝင်ငွေကို အေးအေးဆေးဆေးထိုင်ယူရုံပဲ။ ကဲ..ဒီလောက်ကောင်းတဲ့ စီးပွားရေးမြန်မာပြည်မှာ ရှိသေးလား’’ဟု ပြောဆိုစည်းရုံးနေသံများ၊ ပြောဆိုစည်းရုံးနေသူများကို သင့်အနေဖြင့် ကြုံဖူး၊ ကြားဖူးပါလိမ့်မည်။ အကယ်၍ စာဖတ်သူအနေဖြင့် သူတို့ပြောနေသည်မှာ ဘာလုပ်ငန်းလဲ၊ ဘယ်လိုလုပ်ရတာလဲ တကယ်ကောဟုတ်ရဲ့လားဟု သင် သံသယ၀င်မိလျှင်တော့ ဤဆောင်းပါးကို အဆုံးထိဖတ်ဖို့ လိုလာပါပြီ။ ဤလုပ်ငန်း၏ အမည်နာမမျိုးစုံပါသည်။ လူသိအများဆုံးနာမည်များကို ပြောရမည်ဆိုလျှင်တော့ အချိန်တိုအတွင်း သူဌေးဖြစ်သည့်လုပ်ငန်း (၀ါ) Pyramid Scheme (၀ါ) ဆင့်ပွားစီးပွားရေးစနစ် (၀ါ) Multi-Level Marketing စနစ်ဟု ခေါ်ဆိုကြပါသည်။
ယင်းစနစ်ဖြင့် စည်းရုံးရေးဆင်းလေ့ရှိသူများ အများဆုံးဆွဲဆောင်သည့်အချက်မှာ မန်ဘာဝင်မည့်သူအနေဖြင့် ကုမ္ပဏီထုတ်ဆေးဝါးများ၊ အလှကုန်များကို ကိုယ်တိုင်သုံးစွဲနိုင်သကဲ့သို့ အခြားသူများအား တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြင့် ကော်မရှင်ရရှိမည်ဖြစ်ကြောင်း၊ မန်ဘာဝင်အသစ်များ ရှာဖွေနိုင်ပါက လစဉ်မည်သည့်လုပ်ငန်းမှ လုပ်စရာမလိုဘဲ မိမိရှာဖွေထားသည့် မန်ဘာဝင်များ ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်အမြတ်ငွေ ထိုင်ယူနေရမည် ဖြစ်သည့်အတွက် အကျိုးအမြတ် လွန်စွာများသည့် စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း ပြောဆိုစည်းရုံးကြခြင်း ဖြစ်သည်။
မန်ဘာဝင်ရန်အတွက် စာရွက်စာတမ်းကြေး တစ်သောင်း၊ တစ်သောင်းခွဲဝန်းကျင် ကုန်ကျပြီး မန်ဘာများကိုလည်း Level များ ခွဲခြားထားသည်။ ပထမတန်းမန်ဘာဖြစ်ရန်အတွက် ယင်းကုမ္ပဏီထုတ်ကုန်စည်များအား ဆယ်သိန်းဖိုး အနည်းဆုံးဝယ်ရန်လိုအပ်ပြီး ဒုတိယတန်းစား မန်ဘာအတွက်မူ သုံးသိန်းခွဲမှ လေးသိန်းဝန်းကျင်ဝယ်ရန် လိုအပ်ပေသည်။ တတိယတန်းစား မန်ဘာအတွက်မူ တစ်သိန်းခွဲမှ နှစ်သိန်းဖိုးဝန်းကျင် ၀ယ်ရန်လိုအပ်ကြောင်း အကြမ်းဖျင်းသတ်မှတ်ထားသည်။ ထိုကဲ့သို့ အဆင့်အတန်းဖြင့် ခွဲခြားသကဲ့သို့ အမှတ်ဖြင့်လည်း သတ်မှတ်သည်များရှိပေသည်။ သို့သော်လည်း တူညီသည့်အချက်မှာ မန်ဘာဝင်ရန်အတွက် သင့်အနေဖြင့် အနိမ့်ဆုံးငွေ သိန်းဂဏန်းစတင်အသုံးပြုရမည်ဖြစ်ပြီး ကုမ္ပဏီဘက်ကမူ အဆိုပါငွေကို အချိန်တိုအတွင်း ပြန်ရရှိမည်ဖြစ်ပြီး လစဉ်အမြတ်ငွေမှာလည်း သင့်အရင်းငွေနီးပါးရရှိမည်ဖြစ်ကြောင်း မက်လုံးတွင်တွင်ပြော၍ စည်းရုံးလေ့ရှိသည်။ ၎င်းတို့ပစ်မှတ်ထားလေ့ရှိသူများမှာ လူလတ်တန်းစားအိမ်ထောင်ရှင်မများ၊ အစိုးရ၀န်ထမ်းအမျိုးသမီးများ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဆိုပါကုမ္ပဏီများ ထုတ်လုပ်ရောင်းချသည့် ကုန်စည်များမှာ အမျိုးသမီးထုအကြား ရေပန်းစားသော ပိန်ဆေး၊ အဆီချဆေး၊ အသားအရေလိမ်းဆေး၊ အားဖြည့်ဆေး စသည့် ဆေးဝါးများ၊ အလှကုန်စည်များသာ ဖြစ်ပါသည်။ ထို့အတူ သက်ကြီးပိုင်းအိမ်ထောင်ရှင်များအတွက် ကာမအားတိုးဆေး စသည့်အထူးဆေးဝါးများကိုလည်း လက်သိပ်ထိုးရောင်းချလေ့ရှိပြီး ကုန်စည်တစ်ခုလျှင် သိန်းဂဏန်းအနည်းဆုံး ပေးဝယ်ရလေ့ရှိပါသည်။
မန္တလေးမြို့တွင် အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေကြသည့် ကုမ္ပဏီခွဲများ ဆယ်ခုဝန်းကျင်ရှိသည်။ ၎င်းတို့အနက် ထင်ရှားသည့်ကုမ္ပဏီများမှာ Qnet, Unicity, Healthy-Shop, ရှိုင်းဟုတ်၊ Aim Star, ပိုင်ဖြိုးသီဟ၊ Tiens စသည်တို့ဖြစ်ကြသည်။ အချို့ကုမ္ပဏီများတွင် မန်ဘာဝင်ဦးရေ တစ်သောင်းကျော်ရှိပြီး မန္တလေးမြို့၌သာမက မြင်းခြံ၊ မိတ္တီလာ စသည့်နယ်မြို့ကြီးများတွင်ပါ ရေပန်းစားလျက်ရှိသည်။
မန်ဘာဝင်ရသည့်ပုံစံမှာလည်း အနည်းငယ်ကွဲပြားမှုရှိသည်။ အချို့ကုမ္ပဏီများက မန်ဘာဝင်ကြေး သီးသန့်ပေးကာဝင်ရသကဲ့သို့ အချို့ကတော့ မန်ဘာဝင်ကြေးမတောင်းဘဲ ၎င်းတို့သတ်မှတ်ထားသည့် ပမာဏပြည့်မီအောင် ၀ယ်ယူလျှင် မန်ဘာဝင်အဖြစ် အသိအမှတ်ပြုသည်။ ထို့အတူပင် အချို့ကုမ္ပဏီများက ရာထူးသတ်မှတ်မထားဘဲ မန်ဘာဝင်များအနေဖြင့် မိမိတတ်နိုင်သလောက် မန်ဘာအသစ်များရှာခိုင်းပြီး မန်ဘာဝင်ဦးရေပေါ်မူတည်၍ ကော်မရှင်ပြန်ခွဲဝေပေးသည်။ အချို့ကမူ ရာထူးသတ်မှတ်ထားပြီး ရာထူးပေါ်မူတည်၍ ကော်မရှင်ပြန်လည်ရမည့် မန်ဘာဝင်ဦးရေကို သတ်မှတ်ထားသည်။ ဘုံတူညီသည့်အချက်မှာ ကုမ္ပဏီများရောင်းချသည့် ကုန်စည်များကို မန်ဘာဝင်များအား လျှော့ဈေးဖြင့် ရောင်းချခြင်းသာ ဖြစ်သည်။
အမှန်တကယ်အားဖြင့် ယင်းစီးပွားရေးစနစ်မြစ်ဖျားခံရာမှာ မြန်မာနိုင်ငံမှမဟုတ်ပါ။ အမေရိကန်ပြည်ထောင်စု၊ မန်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ ချားလ်စ်ပွန်ဇီ (Charles Ponzi)က ၁၉ ရာစုအစပိုင်းတွင် စတင်တီထွင်ခဲ့ခြင်း ဖြစ်သည်။ ပွန်ဇီက ငွေကြေးတတ်နိုင်သူများကို ၎င်း၏စာတိုက်စာချုပ်များတွင် ရင်းနှီးမြှုပ်နှံရန် စည်းရုံးခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများ၏ ငွေကြေးပမာဏတစ်ဝက်ကို အမြတ်ပြန်လည်ပေးအပ်မည်ဟု အာမခံသည်။ မူလအစရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပြန်လည်ပေးအပ်နိုင်ခဲ့သော်လည်း နောက်ပိုင်းမှ ရင်းနှီးမြှုပ်နှံသူများအတွက် အမြတ်ငွေကို ပေးအပ်နိုင်ခြင်းမရှိတော့သောကြောင့် ပွန်ဇီစီးပွားရေးစနစ်မှာ ပြိုလဲခဲ့ရသည်။
သို့သော်လည်း ပွန်ဇီစီးပွားရေးစနစ်မှာ ကမ္ဘာတစ်လွှားရှိ စီးပွားရေးသမားကြီးများကြား လွန်စွာအောင်မြင်ခဲ့ပြီး ယင်းစနစ်ကို အခြေခံကာ Pyramid Scheme, Multi-Level Marketing စသည်ဖြင့် စနစ်မျိုးစုံ တီထွင်ခဲ့ကြသည်။ ပြဿနာပေါင်းစုံလည်း တက်ခဲ့ကြသဖြင့် ယခုအခါ ယင်းပုံစံ၊ (သို့မဟုတ်) ယင်းပုံစံနှင့် ဆင်တူယိုးမှား ပုံစံစီးပွားရေးစနစ်များအား အမေရိကန်၊ အင်္ဂလန်၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန် စသည့် နိုင်ငံ ၂၅ နိုင်ငံတွင် ဥပဒေအရ တရားမ၀င်သတ်မှတ်ထားပြီး လုပ်ကိုင်ခွင့်မပြုပေ။ သို့သော်လည်း ပွင့်လင်းစပြုလာသည့် မြန်မာနိုင်ငံတွင်မူ ထိုင်း၊ ဟောင်ကောင်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်များ အစပြုလာသည့် အဆိုပါစီးပွားရေးစနစ်မှာ ယခုအခါ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများသာမက နယ်မြို့များအထိပါ အားကောင်းမောင်းသန် ရှင်သန်နေသည်ကို တွေ့မြင်ရသည်။
မြန်မာနိုင်ငံတွင် အဆိုပါစီးပွားရေးစနစ်ဖြင့် လုပ်ကိုင်သည့် ကုမ္ပဏီကြီးများမှာ လွန်စွာအပြောအဟောကောင်းသူများကို ခန့်ထားလေ့ရှိသည့်အတွက် ထိုသူများ၏ မစားရ၀ခမန်းပြောကြားချက်များကို နားယောင်သည့်သူများအဖို့ လွယ်လွယ်ကူကူပင် မန်ဘာဝင်ကြတော့သည်။ သို့သော်လည်း အပြောတစ်မျိုး၊ အလုပ်တစ်မျိုး လုပ်ရပ်များ များစွာရှိလာသည့်အခါ မန်ဘာဝင်များမှာ စိတ်ပျက်ပြီး ဆက်လက်မလုပ်ကိုင်ကြတော့ပေ။ ဥပမာအားဖြင့် အဆိုပါစည်းရုံးရေးသမားများသည် ၎င်းတို့ ပစ်မှတ်ထားသူများကို ပထမဦးစွာ မန်ဘာဝင်လိုက်ပါ။ ပြီးလျှင် မန်ဘာဝင်အသစ်နှစ်ဦးရှာဖွေရန် လိုအပ်ပြီး မူလမန်ဘာဝင်ထားသူအနေဖြင့် အဆိုပါ မန်ဘာဝင်အသစ်နှစ်ဦး ၀ယ်ယူသည့် ပမာဏအလိုက် လစဉ်ကော်မရှင်ရနေမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးသည်။ သို့သော်လည်း အဓိကပြဿနာမှာ ယင်းမူလမန်ဘာဝင်အနေဖြင့် လစဉ်မန်ဘာဝင်အသစ်နှစ်ဦး ထပ်မံရှာဖွေပေးနိုင်မှသာ ယင်းကော်မရှင်ကိုရမည်ဖြစ်သကဲ့သို့ အဆိုပါမန်ဘာဝင်နှစ်ဦးအနေဖြင့်လည်း ငွေကြေးသိန်းဂဏန်းအထက် ၀ယ်ယူသုံးစွဲရမည် ဖြစ်သည်။ အကယ်၍ နောက်ထပ် မန်ဘာဝင်နှစ်ဦး မရှာဖွေနိုင်လျှင် (သို့မဟုတ်) မိမိကလည်း လစဉ် ၎င်းတို့၏ ကုန်စည်များအပေါ် သိန်းဂဏန်းဝယ်ယူသုံးစွဲခြင်းမပြုလျှင် ၎င်းကုမ္ပဏီများက အသက်မ၀င်တော့သည့် မန်ဘာ(၀ါ) သစ်ခြောက်ပင်ကြီးအဖြစ် သတ်မှတ်ပြီး ယင်းမန်ဘာဝင်မှာ နောက်ထပ်မည်သည့်အကျိုးအမြတ်မှ ခံစားခွင့်မရှိတော့သည့်အချက် ဖြစ်သည်။ မိမိကလည်း လစဉ်မန်ဘာဝင်ရှာဖွေရန် လိုအပ်နေသကဲ့သို့ မိမိအောက်က မန်ဘာဝင်နှစ်ဦးကလည်း လစဉ်နောက်ထပ် မန်ဘာဝင်အသစ်များ ရှာဖွေပေးရမည်သာ ဖြစ်သည်။ ထို့အတွက် အောက်ကဇယားကို တစ်ချက်ကြည့်ရန်လိုပါပြီ။ အထက်ပါဇယားအား တစ်ချက်မျှ အချိန်ပေးကြည့်ပါ။ Level 13 ကို ရောက်သည့်အခါ မန်ဘာဝင်ဦးရေမှာ ကမ္ဘာ့လူဦးရေထက် များနေပြီဖြစ်သည်။ ထိုအခါ ယင်းကုန်စည်ရောင်းချရငွေမှ အချိုးကျရရှိမည့် ကော်မရှင်ကို မည်သို့မည်ပုံ ပြန်လည်ခွဲဝေပေးနိုင်မည်လဲ ဆိုသည့်အချက်မှာ မေးခွန်းထုတ်စရာဖြစ်လာပြီ ဖြစ်သည်။
စီးပွားရေးပညာရှင်များ အဓိကထောက်ပြသည့်အချက်မှာ ယင်းစီးပွားရေးစနစ် အခြေခံအဖွဲ့အစည်းမျိုးတွင် အမှန်တကယ် တန်ဖိုးရှိသည့် ထုတ်ကုန်ဖြစ်စေ၊ အသုံးဝင်သည့် ၀န်ဆောင်မှုဖြစ်စေ ထုတ်လုပ်ရောင်းချခြင်းမျိုး လုပ်လေ့မရှိဘဲ မန်ဘာဝင်အသစ်များ အများအပြားစုဆောင်းစေခြင်းဖြင့်သာ ပင်မ၀င်ငွေကို ရှာဖွေလေ့ရှိသည်။ နောက်ဆုံးတွင်မူ မန်ဘာဝင်များပြားလာမှုကြောင့် မန်ဘာဝင်တစ်ဦးချင်းစီကို ပြန်ပေးနိုင်မည့် ၀င်ငွေဖန်တီးနိုင်ခြင်းမရှိတော့ဘဲ ပြိုလဲလေ့ရှိသည်။ ထို့ကြောင့် ယင်းစီးပွားရေးစနစ်အား နှင်းခဲရေပျော်စီးပွားရေး၊ သံကြိုးဆက်စီးပွားရေး၊ ပိုက်ဆံကစားပွဲ စသည့် နာမည်အမျိုးမျိုးတပ်ကာ ခေါ်ဝေါ်လေ့ရှိခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အဆိုပါ စီးပွားရေးစနစ် အခြေခံကုမ္ပဏီများ၏ ငွေကြေးအရှုပ်အရှင်းကိစ္စများ ရှေ့တွင်များစွာရှိပါသည်။
အဆိုပါစနစ်ဖြင့် လုပ်ကိုင်နေသည့် စီးပွားရေးကုမ္ပဏီကြီးများကမူ ၎င်းတို့ကုန်စည်များသည် အလုပ်သမားစရိတ်၊ ဆိုင်ခန်းစရိတ်များ လုံးဝကုန်ကျခြင်းမရှိဘဲ လူအချင်းချင်း ဆင့်ပွားရောင်းချသည့် စနစ်သာဖြစ်သောကြောင့် အဆိုပါကုန်ကျစရိတ်များကို ရှယ်ယာငွေအဖြစ် မန်ဘာဝင်များထံ ပြန်လည်ခွဲဝေပေးနိုင်ခြင်းသာဖြစ်ပြီး လွန်စွာခိုင်မာသည့် စီးပွားရေးစနစ်တစ်ခုသာ ဖြစ်သည်ဟု ငြင်းဆိုကြသည်။ ယင်းအချက်ကိုလည်း သေချာတွေးကြည့်ပါ မိတ်ဆွေ။ နယ်လှည့်အရောင်းဝန်ထမ်းတစ်ဦးငှားလျှင် တစ်လလျှင် အနည်းဆုံးဝန်ထမ်းစရိတ် နှစ်သိန်းကျပ်ကုန်ကျမည် ဖြစ်သည်။ ထိုကုန်ကျစရိတ်အား ကျခံခြင်းမရှိဘဲ မန်ဘာဝင်များအား နယ်တာဝန်ခံမန်နေဂျာ၊ ဒေသဆိုင်ရာ အရောင်းမန်နေဂျာ စသည့် နာမည်လှလှလေးများပေးပြီး တစ်ဖက်လှည့်ဖြင့် ရောင်းချစေခြင်း ဖြစ်သည်။ လစဉ်ပြန်လည်ရရှိသည့် ကော်မရှင်တစ်သိန်းခွဲ၊ နှစ်သိန်းဆိုသည်မှာ အမှန်တကယ်အားဖြင့် ၎င်းတို့ကုန်စည်ရောင်းအား မြှင့်တင်ရေးအတွက် နယ်လှည့်အရောင်းဝန်ထမ်းတစ်ဦးကို ငှားရမ်းလိုက်သည့် ပမာဏသာရှိပါသည်။ မိမိမှာသာ မန်ဘာဝင်ဆိုပြီး မိမိကဲ့သို့ နယ်လှည့်အရောင်းဝန်ထမ်းနှစ်ဦးကို လစဉ်ကြိုးစားရှာဖွေနေခြင်းသာ ဖြစ်ပါသည်။ ရှင်းရှင်းပြောရလျှင် ငါးကြင်းဆီဖြင့် ငါးကြင်းပြန်ကြော်ခြင်းသာ ဖြစ်သည်။ အချို့ဆင့်ပွားရောင်းချသည့် ကုမ္ပဏီကြီးများကတော့ လူရည်လည်လှသည်။ မြို့တစ်မြို့တွင် သြဇာကြီးသော ဘုန်းတော်ကြီးများ၊ အစိုးရအရာရှိကြီးများအား အထူးကော်မရှင်ပေးကာ အရောင်းတာဝန်ပေးကြသည်။ ထိုပုဂ္ဂိုလ်ကြီးများကလည်း ကော်မရှင်ရမည်ဖြစ်သည့်အတွက် မိမိလက်အောက်ရှိ ၀န်ထမ်းများ၊ ဒကာ၊ ဒကာမများအား ၀ယ်ယူခိုင်းလေ့ရှိရာ ထိုစနစ်မှာလည်း အောင်မြင်လှပေသည်။ ရောင်းအားကောင်းသည့် မန်ဘာအသစ်ရှာနိုင်သည့် မန်ဘာဝင်များကို အခါအားလျော်စွာ နိုင်ငံခြားခရီးစဉ်များ ပို့ဆောင်ပေးလေရာ ယခုမှစတင်လုပ်ကိုင်မည့် မန်ဘာဝင်များအတွက်လည်း ကြီးစွာသောမက်လုံးဖြစ်စေသည်။
ဂျပန်နိုင်ငံရဲတပ်ဖွဲ့၏အဆိုအရ ၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံသား တစ်သိန်းခြောက်သောင်း (၁၆၀,၀၀၀)သည် အဆိုပါဆင့်ပွားရောင်းချခြင်းစနစ် အခြေခံကုမ္ပဏီရှစ်ခု၏ သားကောင်အဖြစ်သို့ ကျရောက်ခဲ့ရပြီး အထွေထွေဆုံးရှုံးမှုတန်ဖိုးမှာ (US$ 300 Million) ရှိသည်ဟု ထုတ်ပြန်ထားသည်။
နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် အမေရိကန် FBI အဖွဲ့ကြီးမှ ယင်းစနစ်ဖြင့် လုပ်ကိုင်မည့်သူများအား သတိပေးထားချက်များကို လက်ဆောင်ပါးလိုက်ချင်ပါသည်။ ယင်းအချက်များမှာ Multi-Level Marketing စနစ်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကာ မန်ဘာဝင်မည်ဆိုပါက အဆိုပါကုမ္ပဏီအား မည်သို့မည်ပုံဖွဲ့စည်းထားသည်။ မည်သည့်ပုံစံ ခရီးဆက်နေသည် စသည့် မှတ်တမ်းများကို ရှာဖွေလေ့လာပါ။
ကုမ္ပဏီထုတ်ကုန်များကို လေ့လာပါ။ မေးခွန်းများမေးပါ။ ကန့်သတ်ချက်များကို နားလည်ပါစေ။ အခြားသော ဖြန့်ချိသူများနှင့် သွားရောက်စကားစမြည်ပြောကာ တီးခေါက်ကြည့်ပါ။ ယင်းစီးပွားရေးလုပ်ငန်းနှင့် ပတ်သက်မှုမရှိသည့် အပြင်လူတစ်ဦးနှင့် တိုင်ပင်ပါ။ ရင်းနှီးမြှုပ်နှံမှုမစခင် အချိန်ယူစဉ်းစားပါ။ မိမိလုပ်ဆောင်ရမည့် ကိစ္စရပ်များသည် မိမိနှင့်ကိုက်ညီမှု ရှိ၊ မရှိ ပြန်လည်ဆန်းစစ်ပါ စသည့်အချက်များဖြစ်ပါသည်။ မိတ်ဆွေ၊ သင့်အိမ်သို့ လာရောက်ကာ မန်ဘာဝင်ရန် စည်းရုံးနေသူကို အားမနာပါနှင့်။ မန်ဘာဝင်ရန် တစ်ထိုင်တည်း ဆုံးဖြတ်ချက်မချပါနှင့်။ သေသေချာချာ အချိန်ယူပါဟုသာ သတိပေးလိုပါကြောင်း။
ကိုးကား
http://www.fbi.gov/scams-safety/fraud
http://en.wikipedia.org/wiki/Multi-level_marketing
http://www.aic.gov.au/media_library/publications/proceedings/27/ota.pdf
7 Day Daily
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment