Sunday 6 July 2014

မန္တလေးမြို့၌ ဖြစ်ပေါ်နေသော လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်မှုများတွင် မြို့ခံသံဃာတော်များ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဆရာတော်များ မိန့်ကြား

မန္တလေးမြို့တွင် ဖြစ်ပေါ်နေသော လူစုလူဝေးဖြင့် အကြမ်းဖက်မှုများတွင် မြို့ခံသံဃာတော်များ လုံးဝပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဆရာတော်များက မိန့်ကြားခဲ့သည်။

ဇူလိုင် ၁ ရက်မှ ၄ ရက်အထိ ဖြစ်ပွားခဲ့သည့် လူစုလူဝေးများဖြင့် ဆူပူအကြမ်းဖက်မှုများတွင် မန္တလေးမြို့ခံသံဃာတော်များ ပါဝင်ပတ်သက်ခဲ့ခြင်း လုံးဝမရှိခဲ့ဘဲ ပဋိပက္ခများ ပိုမိုမဖြစ်ပွားလာစေရန်အတွက် ဝင်ရောက်ထိန်းသိမ်း စောင့်ရှောက်မှုများသာ လုပ်ဆောင်ခဲ့ကြကြောင်းကို မန္တလေးမြို့ခံသံဃာတော်များက မိန့်ကြားခဲ့သည်။

“ဇူလိုင် ၁ နေ့ည လူစုလူဝေး စဖြစ်ကတည်းက ဦးဇင်းတို့ ထိန်းသိမ်းပေးခဲ့သလို စစဖြစ်တဲ့အချိန်မှာလည်း ဦးဇင်းအနေနဲ့ မေတ္တာတရားကိုရှေ့ထားပြီး နှစ်ဖက်အုပ်စုကို ထိန်းသိမ်းပေးခဲ့ပါတယ်။ ဆူပူလှုပ်ရှားမှုတွေကို ဦးဇင်းတို့အနေနဲ့ တစ်လျှောက်လုံး ထိန်းသိမ်းပေးခဲ့ပါတယ်။ မန္တလေးသံဃာထုအနေနဲ့က ဆူပူလှုပ်ရှားမှုတွေမှာ လုံးဝပါဝင်ပတ်သက်မှု မရှိခဲ့ပါဘူး။ ဇူလိုင် ၁ ရက်နေ့ညပိုင်းက အကြမ်းဖက်မှုဖြစ်စဉ်မှာ သံဃာတော်တွေ ပါဝင်တယ်ဆိုတာကိုတော့ ဦးဇင်းတို့ မတွေ့ရပါဘူး။ ဆက်ပြီး ဆူပူလှုပ်ရှားမှုတွေ မဖြစ်ကြဖို့အတွက် သည်းခံမှုတရားကို လက်ကိုင်ထားပြီး အခြေအနေတွေကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြပါလို့ ဦးဇင်းမေတ္တာရပ်ခံချင်ပါတယ်”ဟု ဆူပူလှုပ်ရှားမှုများ ဖြစ်ပွားရာနေရာသို့ ကိုယ်တိုင်သွားရောက် ထိန်းသိမ်းပေးခဲ့သည့် ဂဠုန်နီဆရာတော် ဦးကာဝိရ (အထက်မြန်မာပြည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃသမဂ္ဂအဖွဲ့ချုပ်နာယက) က မိန့်ကြားခဲ့သည်။

“မန္တလေးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်ဖြစ်နေတဲ့အချိန်တွေမှာ ဦးဇင်းတို့ သွားရောက်ထိန်းသိမ်းပေးခဲ့ပါတယ်။ သွားရောက်ထိန်းသိမ်းပေးရာမှာ ရဲတပ်ဖွဲ့ကပြောတာက ဦးဇင်းတို့ ပြန်ကြပါ လူအုပ်စုကို သူတို့ထိန်းသိမ်းနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့နဲ့အတူ အခြေအနေတွေကို ဝိုင်းဝန်းထိန်းသိမ်းပေးခဲ့ပါတယ်။ မန္တလေးသံဃာထုအနေနဲ့ကတော့ အကြမ်းဖက်မှုဖြစ်စဉ်တွေမှာ ဘာမှပါဝင်ပတ်သက်မှုတွေ မရှိခဲ့ဘဲ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တာပဲ ရှိပါတယ်။ ပြဿနာတွေမဖြစ်ဖို့အတွက် ပြဿနာ တွေကို စတင်မဖန်တီးကြဖို့လိုတယ်။ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် အားလုံးငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် စောင့်ရှောက်ပေးကြပါလို့ ပြောချင်ပါတယ်”ဟု မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ နာယကဆရာတော် ဦးဝိစိတ္တာဘိဝံသက မိန့်ကြားခဲ့သည်။

“မန္တလေးမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွေမှာ အခြေအနေတွေ အရမ်းကြီးဆိုးဆိုးရွားရွား ထပ်မဖြစ်ပေါ်ဖို့ ထိန်းသိမ်းပြီးရေးသားပေးခဲ့တဲ့ မီဒီယာတွေကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက ဒီဖြစ်စဉ်မှာ မဘသဆရာတော်တွေ သံဃသမဂ္ဂအဖွဲ့ချုပ်က ဆရာတော်တွေနဲ့ ရွှေဝါရောင်မျိုးဆက်က ဆရာတော်တွေက အင်းအားတောင့်ပြီး ဝိုင်းဝန်းထိန်းသိမ်းပေးခဲ့ကြတယ်။ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွေမှာ မန္တလေးသံဃာတော်တွေ ပါဝင်ပတ်သက်မှု မရှိခဲ့ဘူး။ ပါခဲ့ရင်လည်း သံဃာအစစ်တွေ မဖြစ်နိုင်ပါဘူး။ ဥိးဇင်းတို့ အပြင်ကို ထွက်လာခဲ့ရင် ဆူပူလှုပ်ရှားဖို့အတွက် လုံးဝမဟုတ်ဘူး။ ပဋိပက္ခတွေကို ဝိုင်းဝန်းထိန်းသိမ်းပေးဖို့အတွက်ပဲ ဖြစ်ပါတယ်”ဟု ဆရာတော်ဦးကိတ္တိသာရက မိန့်ကြားခဲ့သည်။

ဘာသာပေါင်းစုံအဖွဲ့မှ ဒုတိယဥက္ကဌ ဦးသိန်းဝင်းအောင်က “မန္တလေးဖြစ်စဉ်မှာ မန္တလေးမြို့ခံ ဆရာတော်တွေက ဆူပူလှုပ်ရှားမှုတွေအထဲမှာ လုံးဝပါဝင်ပတ်သက်မှု မရှိပါဘူး။ အခြေအနေတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တာကို ကျွန်တော့်အမြင်ပဲ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

Eleven Media group

No comments:

Post a Comment