Saturday 12 July 2014

မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း စီမံ/စီးပွား ဒုဝန်ကြီး ပြောကြား

မြန်မာနိုင်ငံ၏ ရွှေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ထုတ်ယူနိုင်မှု လျော့နည်းလာကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြော ကြားသည်။
ဇူလိုင် ၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရ၏ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၊ အမျိုးသားစီမံကိန်း ဒုတိယခြောက်လပတ် (အောက်တိုဘာမှ မတ်လအထိ) အကောင်အထည်ဖော်နိုင်မှု အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းစဉ် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။


စွမ်းအင်ဝန်ကြီးဌာန၏ စီမံကိန်းရည်မှန်းချက်များ အနက်မှ ၈၂ ဒသမ ၅ ရာခိုင် နှုန်းသာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ အကြောင်းရင်းမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလျော့ နည်းခြင်း၊ ရေနံတွင်းများ သက်တမ်းကြာမြင့်လာသဖြင့် အထွက်နှုန်းရည်မှန်းသလောက် မထွက်ရှိဘဲ တဖြည်းဖြည်း ကျဆင်းလာခြင်း၊ PTT ကုမ္ပဏီမှ သဘာဝဓာတ်ငွေ့ဝယ်ယူမှုမှာ ရည်မှန်းချက် ထက် လျော့နည်းခြင်း၊ ပုဂ္ဂလိက ရေနံစိမ်းထုတ်လုပ်မှုတွင် အချို့ရေနံမှော်များ၏ ထုတ်လုပ်မှုလျော့နည်းခြင်း တို့ကြောင့်ဖြစ် သည်ဟု ဒေါ်လဲ့လဲ့သိန်းက ပြောကြားသည်။

ထို့ပြင် သတ္တုတွင်းကဏ္ဍ၌ ကချင်ပြည်နယ် လုံးခင်း၊ ဖားကန့်ဒေသ၌ နယ်မြေလုံခြုံရေး အရ ကျောက်စိမ်း ထုတ်လုပ်မှု လျော့နည်း ခြင်း၊ ကချင်ပြည်နယ်ရှိ အသေးစားရွှေလုပ်ကွက်များတွင် နယ်မြေအခြေအနေအရ လုပ်ကွက်လျှောက်ထား လုပ်ကိုင်မှု နည်းပါးခြင်းတို့ကြောင့် ရွှေထုတ်လုပ်မှုမှာ ရည်မှန်းချက် လျော့နည်းရရှိ ခဲ့သည်ဟု စီမံ/စီးပွားဒုဝန်ကြီးက ဆိုသည်။

စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် သမဝါယမပိုင် ထုတ်လုပ်မှုများ လျော့နည်းသည့်အပြင် အထွက်နှုန်း ကျဆင်းနေသည်ကို စနစ်တကျ စိစစ်ကြီးကြပ်ရန် လိုအပ်ခြင်း၊ ရေနံတွင်းများအား ထုတ်လုပ်မှုခွင့်ပြုမိန့် အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာပေးအပ်ရန် လိုအပ်ခြင်း၊ စီမံကိန်းရေးဆွဲရေးနှင့် လက်တွေ့ကောင်အထည်ဖော်နိုင်မှု တိကျမှန်ကန်ရန် လိုအပ်ခြင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ သက်တမ်းကျန်သော တွင်းဟောင်းများကို ပြန်လည်ပြုပြင်ရန် အစီအမံများရေးဆွဲ ဆောင်ရွက်ရန်လိုအပ်ခြင်း စသည်တို့ ပြုပြင်ရန် လိုအပ်ကြောင်း၊ နောင်အနာဂတ်တွင် တိုးတက်ရရှိလာမည့် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့အားလုံးကို ပြည်တွင်းစွမ်းအင်လိုအပ်ချက် ဖြည့်ဆည်းရေးအတွက်သာ ဦးစားပေးဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော်၊ စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် ဖော်ပြထားသည်။

Eleven

No comments:

Post a Comment