Saturday 26 October 2013

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် မြို့များမှ ပြည်သူများကို NLD ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ယနေ့မှ စတင်ကာ ရှင်းပြမည်

8.1.1
အောက်တိုဘာ ၂၄ ရက်တွင် NLD ပါတီက မြိတ်မြို့၌ ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းပြသည့် အဖွဲ့မှ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် စသည်မြို့ကြီး သုံးမြို့မှ ပြည်သူများအား ယနေ့ (အောက်တိုဘာ ၂၆ ရက်)မှ စတင်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းပြသွားမည်ဟု NLD ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ရှမ်းပြည်နယ်၊ ကယားပြည်နယ် တာဝန်ခံ ဦးထွန်းထွန်းဟိန်က ပြောကြားသည်။
''လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်က မြို့ကြီးတွေကို ရှင်းပြပြီးပါပြီ။ မနက်ဖြန် ရှမ်းပြည်နယ် အရှေ့ပိုင်းဘက်ကို တက်မှာပါ။ ကျွန်တော်တို့က အဆင့်နှစ်ဆင့် ရှိပါတယ်။ ကျွန်တော်တို့ အဖွဲ့က မြို့ကြီးတွေမှာ လိုက်ရှင်းပါတယ်။ အဲဒီကနေတစ်ဆင့် အဖွဲ့ဝင်တွေက မြို့နယ်တွေကို လိုက်ရှင်းတာမျိုးပါ'' ဟု ၎င်းက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားသည်။
NLD ပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းပြမှုကို အောက်တိုဘာ ၂၆ ရက်တွင် ကျိုင်းတုံ၊ အောက်တိုဘာ ၂၇ ရက်တွင် မိုင်းဖြတ်နှင့် အောက်တိုဘာ ၂၈ ရက်တွင် တာချီလိတ်မြို့ များရှိ ပြည်သူ များနှင့် တွေ့ဆုံရှင်းပြ သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးထွန်းထွန်းဟိန် ဦးဆောင်သည့် NLD ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းပြသည့် အဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မူဆယ်မြို့၊ လားရှိုးမြို့နှင့် ကျောက်မဲမြို့ရှိ ပြည်သူ များကို အောက်တိုဘာ ၁၆ ရက်၊ ၁၇ ရက်နှင့် ၁၈ ရက်များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက် သည်များကို ရှင်းပြခဲ့ကြောင်း သိရသည်။
ထို့ပြင် ကယားပြည်နယ်ရှိ မြို့များရှိ ပြည်သူများကိုလည်း နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး သွားရောက် ရှင်းပြမည်ဟု ဦးထွန်းထွန်းဟိန်က ပြောကြားသည်။
လက်ရှိတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များသို့ သွားရောက်ရှင်းပြမှုများ ပြုလုပ်နေပြီး ပြည်သူများ၏ ဆန္ဒသဘောထား ရယူနေသည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ သဘောတရားများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်း ပြည်သူများ လေ့လာနိုင်ရန် လက်ကမ်း စာစောင်များ ဖြန့်ဝေ လျက်ရှိသည်။

Eleven

No comments:

Post a Comment