Thursday 26 September 2013

ထိုင်း-မြန်မာနယ်စပ်မှ ယာဉ်တန်းအဆင်း နေ့တိုင်း ဒေါ်လာတစ်သန်းကျော် ဖိုး ကုန်သွယ်လျက်ရှိ

(မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပြည်တွင်းသို့ တင်ပို့ရန် စောင့်ဆိုင်းနေသော ကုန်တင်ယာဉ်များ)
နယ်စပ် ကုန်သွယ်ရေးစခန်းများအနက် ဒုတိယကုန်သွယ်မှုအများဆုံးဖြစ်သော ထိုင်း-မြန်မာနယ်စပ် မြ၀တီ နယ်စပ် ကုန်သွယ်ရေး စခန်းမှ ယာဉ်တန်းအဆင်း နေ့တိုင်း ပြည်တွင်းဈေးကွက် သို့  ဒေါ်လာ တစ် သန်းကျော်ဖိုး ကုန်သွယ် လျှက်ရှိကြောင်း သိရသည်။

''ယခင်က တရားဝင် ကုန်သွယ်ခွင့်မရတာနဲ့ယှဉ်ရင် အများကြီးကောင်းလာပါတယ်။ ဒေသတွင်း ကုန်သည်တွေအပြင် ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့မှ ကုမ္ပဏီတွေ လာရောက်ပြီး မြ၀တီနယ်စပ်မှာ အခြေချ လာလုပ်ကြတဲ့အတွက်လည်း ကုန်သွယ်မှုအပိုင်း ပိုများလာပါတယ်။ ကျွန်တော်တို့က သစ်သီးကားဆိုတော့ အချိန်မှန်ထွက်ရ ချင်ပါတယ်'' ဟု ထွက်ခွာခွင့်ရရှိရန် စောင့်ဆိုင်းနေသော သစ်သီး ကုန်သည်တစ်ဦးက ပြောကြားသည်။

သောင်ရင်းမြစ်ရေ နှစ်ပေါင်း ငါးဆယ်အတွင်း အဆိုးဆုံး မြင့်တက်ခဲ့မှုကြောင့် ဇူလိုင်၊ သြဂုတ် နှစ်လ အတွင်း ကုန်သွယ်မှု လျော့ကျခဲ့သော်လည်း စက်တင်ဘာလအတွင်း ကုန်သွယ်မှု မြင့်တက်လျှက်ရှိ သည်ဟု ဆိုသည်။ထို့အပြင် အခွန်နှုန်း မြင့်မားသည့် ထိုင်းနိုင်ငံ နှင့် ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်များ တရားဝင်တင်သွင်းမှု မြင့်တက်လျှက်ရှိပြီး လုပ်ငန်းသုံး ဂျပန် Light Truck ကားများ တရားဝင် ကုန်သွယ်မှု မြင့်တက်လာခဲ့သည်ဟု အကောက်ခွန်ဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အရှေ့အနောက် စီးပွားရေးစင်္ကြံန်တွင် တည်ရှိသည့် ကုန်သွယ်ရေးဇုန်များမှ အာဆီယံ စီးပွားရေး အသိုက်အ၀န်းပုံစံအတိုင်း လွတ်လပ်စွာ ကုန်စည် စီးဆင်းမှုအတွက် ကုန်ပစ္စည်းများအား နှစ်အလိုက် အခွန်လျှော့ချသွားမည်ဖြစ်ရာ ၂၀၁၂ ခုနှစ်တွင် ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်း။ ၂၀၁၅ ခုနှစ်တွင် ကုန်ပစ္စည်းများ၏ ၉၃ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ကုန်ပစ္စည်းအားလုံး (၁၀၀ ရာခိုင်နှုန်း) အထိ နှစ်အလိုက် အခွန်လျှော့သွားမည်ဖြစ်ကြောင်း သိရသည်။
 

No comments:

Post a Comment