Sunday 7 July 2013

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် UWSA တို့ "၀" မြောက်ပိုင်းဌာနချုပ် ပန်ဆန်းတွင် ဆွေးနွေးရန် ညှိနှိုင်းနေ

wa-july7
မြစ်ကြီးနားမြို့တွင် မေလက ပြုလုပ်ခဲ့သော အစိုးရနှင့် KIO တို့၏ ငြိမ်းချမ်းရေးဆွေးနွေး ပွဲသို့ လေ့လာ သူအဖြစ် တက်ရောက်လာသော UWSA ၏ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးဆမ်ခွန် (ယာ)ကို တရုတ် သံတမန် တစ်ဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် "၀" ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊
UWSA တို့ "၀" မြောက်ပိုင်းဒေသဌာနချုပ် ပန်ဆန်းတွင် ဆွေးနွေးရန် ညှိနှိုင်းနေကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ဇူလိုင် ၆ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
"ဆွေးနွေးဖို့က ညှိနှိုင်းနေဆဲပါပဲ။ အရင်ကတည်းက ဆွေးနွေးမယ်လို့ ပြောထားပြီးသားပါ။ ရက်အတိ အကျမသတ်မှတ် ရသေးတဲ့အတွက် ရွှေ့ဆိုင်းတယ်ဆိုပြီး ကောလာဟလတွေ ထွက်လာတာပါ" ဟု ဦးအုန်းမြင့်က ပြောကြားသည်။
ထိုသို့တွေ့ဆုံ ဆွေးနွေးရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က အစိုးရကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်မည်ဖြစ်ကြောင်း သိရ သည်။ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်သည် "၀" နှင့် ဆွေးနွေးရာတွင် အစဉ်တစိုက် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ "၀" နှင့် ဆွေးနွေးရာ၌ ကျိုင်းတုံတွင် ဆွေးနွေးမည် မဟုတ်ဘဲ UWSA ဌာနချုပ်ရှိရာ ပန်ဆန်းသို့ သွားရောက်ဆွေးနွေးရန် မူလကတည်းက စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
"သူတို့ဆီသွားပြီး ဆွေးနွေးမှာပါ။ အခုဖြစ်နေတဲ့ ပြဿနာတွေကလည်း ကြီးကြီးမားမားတွေ မဟုတ် ပါဘူး" ဟု ဦးအုန်းမြင့်က ပြောကြားသည်။
"၀" ပြည်သွေးစည်း ညီညွတ်ရေးပါတီအနေဖြင့် တပ်မတော်နှင့် ဖြစ်ပွားနေသော တင်းမာမှု များကို ဆွေးနွေးဖြေရှင်း ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ဆန္ဒရှိကြောင်း UWSA ၏ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ်  ဦးအောင်မြင့်က ဇူလိုင် ၄ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။
ထို့အပြင် ဦးသိန်းဇော် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးရန် အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံရရှိထားကြောင်း ဦးအောင်မြင့်က ပြောကြားသည်။ ယခုရက်ပိုင်းအတွင်း အစိုးရနှင့် ဆွေးနွေးရန် ကမ်းလှမ်းချက်ကို "၀" ဘက်မှ ရက်ရွှေ့ဆိုင်းထားသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့ပြီး ထိုသတင်းများမှာ ကောလာဟလဖြစ်ကြောင်း ဦးအုန်းမြင့်က ပြောကြားသည်။
ပြီးခဲ့သည့် မေလအတွင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယွန်းမြို့နယ်ခွဲရှိ UWSA ပိုင် ရော်ဘာခြံတစ်ခြံကို လာရောက်သိမ်းပိုက်သည့် အချိန်မှစ၍ နှစ်ဖက်တပ်များအကြား စစ်ရေး တင်းမာ ခဲ့ကြောင်းနှင့် ယခုလပိုင်းအတွင်း ရှမ်းပြည်နယ် တောင်ပိုင်းတွင်ရှိသော UWSA တပ်စခန်းများကို စာရင်းပြုစု တင်ပြရန်နှင့် တပ်စခန်းအချို့ ဆုတ်ခွာပေးရန် တပ်မတော်ဘက်မှ တောင်းဆိုမှုများ ရှိခဲ့ သည်။
ဇူလိုင် ၆ ရက် ညနေပိုင်းတွင် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် UWSA တို့ ဇူလိုင် ၁၁ ရက်တွင် တွေ့ဆုံမည်ဟု သတင်းထွက်ပေါ် ခဲ့သော်လည်း တွေ့ဆုံမည့် နေ့ရက်နှင့် နေရာကို တိတိကျကျ မသိရှိရသေးကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဇူလိုင် ၆ ရက် ညနေပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

From...EMG

No comments:

Post a Comment