Saturday 6 July 2013

ကလေးသူငယ်များအား သားမယား ပြုကျင့်သူများကို သေဒဏ်ပေးရန် ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဦးသိန်းညွန့် တင်သွင်းခဲ့ရာ လွှတ်တော်ဒုတိယ ဥက္ကဋ္ဌနှင့် အကျေအလည် ဆွေးနွေးခဲ့ပြီး ပြန်လည်ရုပ်သိမ်း

7.5.6
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ (ဓာတ်ပုံ-ဝေယံဖြိုးဦး)
အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား သားမယား ပြုကျင့်သူများကို သေဒဏ်ပေးရန် 'ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်း' ကို သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းညွန့်က ဇူလိုင် ၅ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့် လွှတ်တော်တွင်း အပြန် အလှန် ဆွေးနွေး ခဲ့ ပြီးနောက် ပြန်လည်ရုပ်သိမ်းခဲ့သည်။
ဦးသိန်းညွန့် အဆိုတင်သွင်းရာတွင် လက်ရှိအချိန်၌ မီဒီယာများတွင် ဖော်ပြချက်များအရ အသက် ၁၆ နှစ်အောက် ကလေးသူငယ်များအား အဓမ္မပြုကျင့်မှုမှာ များပြားလာ သည်ကို တွေ့ရှိရ ပါကြောင်း ၊ မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသား အချို့၏ ရည်ရွယ်ချက်မှာ ကလေးသူငယ် များနှင့် ပျော်ပါး လို၍ ဖြစ်ကြောင်း၊ ပြဋ္ဌာန်းဥပဒေ ဆိုသည် ဤပြစ်မှုမျိုး မကျူးလွန်စေ ရန် ကြောက် လန့်နေအောင် ဟန့်တားရန် လိုကြောင်း၊ ထို့ကြောင့် ကလေးသူငယ်များအပေါ် ကျူးလွန်သူများကို ဟန့်တားရန် အတွက် သေဒဏ်ကို အသုံးပြုရန် လိုကြောင်း အဆိုတင်သွင်းရာတွင် ထည့်သွင်း ပြော ကြားသည်။
ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သော်လည်းကောင်း၊ မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုး ထား ပြီးဖြစ်သော ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စာချုပ်အရ သော်လည်းကောင်း ကလေးသူငယ်များ၏ အခွင့်အရေးကို ထိရောက်သည့် အကာအကွယ် ပေးနိုင်ရန် ဟန့်တားသည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် ကလေးသူငယ်များကို ကျူးလွန်သူကို သေဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင် သည် ဟူသည့်အချက်ကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်သွင်းခြင်း ဖြစ်သည်ဟု ဦးသိန်းညွန့် က ပြော ကြားသည်။
''ဒီနေရာမှာ ကျွန်တော်တစ်ခု ပြောချင်ပါတယ်။ ကျွန်တော် တင်သွင်းသည့် ဥပဒေသည် ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ကာကွယ်ပေးဖို့ စေတနာဖြစ်သည့်အတွက် ကျယ်ကျယ်ပြန့်ပြန့်လေးတော့ ကြား နာခွင့် ပြုသင့်ပါတယ်။ ဥက္ကဋ္ဌကြီး ပြောဖူးတာ ရှိပါတယ်။ အဆိုတွေ၊ ဥပဒေကြမ်းတွေ တင်တဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှ အသုံးမလိုဘူးဆိုမှ ပယ်လိုက်ပါလို့။ အခု ကလေးသူငယ်များကို ကာကွယ်ဖို့အတွက် ဥပဒေကိုတော့ ပြည်သူ့လွှတ်တော်ကြီးက ကျယ်ကျယ်ပြန့်ပြန့် ကြားနာနိုင်ဖို့တော့ လက်ခံပေးပါရန် ဒုဥက္ကဋ္ဌကြီးမှတစ်ဆင့် ရိုသေစွာ လျှောက်လဲအပ်ပါတယ်'' ဟု ဦးသိန်းညွန့်က ပြော ကြားသည်။
ဦးသိန်းညွန့်၏ အဆိုကို ကိုယ်စားလှယ် နှစ်ဦးက ထောက်ခံဆွေးနွေးခဲ့သည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက''ကလေးသူငယ်တွေကို ကျူးလွန်တဲ့သူတွေကို အပြစ်ကြီးကြီးတွေပေးမှ နောင်မလုပ်ရဲအောင် ကျွန်မတို့ လွှတ်တော်က ပြစ် ဒဏ်တွေကို တိုးမြှင့်ပေးသင့်ပါတယ်။ ဒီလိုပြစ်မှုတွေ လျော့ကျသွားမယ်လို့ ယုံကြည်ပါတယ်'' ဟု ပြော ကြားသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် တရားသူကြီးက ပုဒ်မ ၃၇၆ နှင့် ပတ်သက်သည်များ၊ သေဒဏ်နှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြား သည်။ ပြစ်မှု ကျူးလွန်ရာတွင် ပတ်ဝန်းကျင် အခြေအနေ လူနေမှု ဘ၀များနှင့် အမျိုးမျိုးသော အခြေအနေများ ရှိကြောင်း၊ ထိုအခြေအနေများတွင် ထိုပြစ်မှုကို ပြစ်ဒဏ်တိုးရုံမျှဖြင့် လျော့နည်းသွားမည်လား ဆိုသည့် အပေါ် စဉ်းစားစရာ လိုကြောင်း၊ နိုင်ငံတကာတွင်လည်း လူ့အခွင့်အရေးနှင့် ယှဉ်ကာ သေဒဏ်ကို ပယ်ဖျက်ရန် လုပ်ဆောင်နေသည့် အခြေအနေမျိုးတွင် ပြစ်ဒဏ်ကို တိုးသင့် မတိုးသင့်မှာ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ချက်သာ ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဆက်လက်ရှင်းလင်းပြီး ပြင်ဆင်ရန် မသင့်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနှင့် ဥပဒေကြမ်းနှင့် ပတ်သက်၍ အပြန်အလှန် မေးခွန်းများ မေးမြန်းဖြေကြားပြီးနောက် ဦးသိန်းညွန့်က နဂိုမူမှာ ယင်းဥပဒေပါ တင်သွင်းထားသော ပုဒ်မငါးခုအနက် ကျန်လေးခုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
သို့ရာတွင် လွှတ်တော်ဒုဥက္ကဋ္ဌက ''ဒါနဲ့ပတ်သက်လို့ ဆွေးနွေးပြီးတော့ ရလာခဲ့ရင်ရော ခုနကိုယ်စားလှယ်တော်ကြီး ပြန်ရုပ်သိမ်းသွားတဲ့ ဥပဒေလေးခုကဲ့သို့ပဲ သူကလည်း ဥပဒေဖြစ်ခဲ့ရင် ကြားထဲမှာ ညှပ်ဖို့ကို ဘယ် ဥပဒေကို ပြင်မှာလဲဆိုတာ အဓိက လိုပါတယ်။ မြန်မာလို ပြဋ္ဌာန်းထားတဲ့ ဥပဒေဆိုရင် မြန်မာလို ပြဋ္ဌာန်းထားတဲ့ ဥပဒေကို ပြင်မယ်။ အင်္ဂလိပ် ပြဋ္ဌာန်းထားတဲ့ ဥပဒေဆိုရင်လည်း ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့် အနေနဲ့ အင်္ဂလိပ်လို ပြန်လည်ပြင်ဆင် ရေးသားပြီးတော့ ပြန်ပေးပါ။ ဒါမှ ဆက်ပြီးဆွေးနွေးလို့ သင့်ပါတယ်။ ပုဒ်မ ၃၇၆ လည်း ဒီအတိုင်းပဲ ဖြစ်နေပါတယ်'' ဟု ပြောကြားသည်။
ထို့ကြောင့် ဦးသိန်းညွန့်က လက်ရှိ လွှတ်တော်တွင် ယာယီ ရုပ်သိမ်းပြီးနောက် လာမည့်လွှတ်တော် တွင် ပြန်လည်တင်ပြမည်ဟု ပြောကြားသည်။

From...EMG

No comments:

Post a Comment