Saturday 6 July 2013

တောင်ဒဂုံ ၅၆ ရပ်ကွက်တွင် သာမန်ခိုက်ရန် ဖြစ်ပွားရာမှ ပဋိပက္ခအသွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့

တောင်ဒဂုံမြို့နယ် အမှတ် ၅၆ ရပ်ကွက်အတွင်း သာမန်ခိုက်ရန် ဖြစ်ပွားရာမှ ပဋိပက္ခအသွင် လူစု လူဝေး ဖြစ်ပေါ် ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူခဲ့ရကြောင်း သိရသည်။
အစ္စလာမ် ဘာသာဝင်များ နေထိုင်ရာ ၅၆ ရပ်ကွက်၊ ရတနာ့ထိပ်ခေါင် ၁ လမ်း၊ အမှတ် ..... နေအိမ်ရှေ့တွင် ဇူလိုင် ၅ ရက် နံနက်က ငါးမျှားနေသော လူနှစ်ဦးက ထိုမိသားစုဝင်များ နေအိမ်တွင်း ၀တ်ပြု ဆုတောင်း နေ သည်ကို ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း ထိုအခါ အဆိုပါ နေအိမ်၌ နေထိုင်သူ အစ္စလာမ် ဘာသာဝင်ငါးဦးက ထိုသူနှစ် ဦးကို မကျေမနပ်ဖြစ်ကာ ထိုးကြိတ်ရာမှ ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြဿနာဖြစ်ပွားရာ နေရာသို့ ရပ်ကွက်အတွင်း နေထိုင်သူတို့သည် ယင်းနေ့နံနက်မှ မွန်းလွဲ ၂ နာရီခန့်ထိ လူစုလူဝေးဖြင့် ရှိနေခဲ့ပြီး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာမှ လူစုကွဲသွားကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းလှိုင်က ''သာမန် ခိုက်ရန်ဖြစ်ပွားမှု တစ်ခုပါ။ အခု ကျူးလွန်သူ ငါးဦးကို ဖမ်းဆီးပြီး အမှုဖွင့် အရေးယူဖို့ ဆောင်ရွက်နေပါတယ်။ ပဋိပက္ခတွေ မဖြစ်ပွားအောင် ကျွန်တော်တို့ လုံခြုံရေး ယူထားပါတယ်'' ဟု ဇူလိုင် ၅ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။
ထိုသို့ ထိုးကြိတ်ခံရသူ ဦးဌေးလှိုင်နှင့် အပေါင်းပါ တစ်ဦးမှာ ဒဏ်ရာအချို့ ရရှိကာ သင်္ဃန်းကျွန်း စံပြဆေးရုံတွင် ကုသမှု ခံနေရကြောင်း သိရသည်။ အဆိုပါ အစ္စလာမ် ဘာသာဝင်များ နေထိုင်နေသည့် နေအိမ်သည် ယခင် ကလည်း တရားမ၀င် ၀တ်ပြုခြင်းနှင့် အခြားသော ဘာသာရေး ကိစ္စရပ်များ ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုသို့ မဆောင်ရွက်ရန် ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ ရှေ့မှောက်တွင် အိမ်ထောင်ဦးစီးမှ လက်မှတ် ရေးထိုး ထားကြောင်း သိရသည်။
''အဲဒီ ငါးဦးကို အင်းစိန်ထောင် ပို့လိုက်ပါပြီ။ လက်ရှိမှာ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း ရဲစခန်းတွေပေါင်းပြီး လုံခြုံရေး တိုးမြှင့်ထားပါတယ်'' ဟု တောင်ဒဂုံ မြို့မရဲစခန်း တာဝန်မှူးက ဇူလိုင် ၅ ရက် ည ၁၁ နာရီက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကောလာဟလ သတင်းအချို့ ထွက်ပေါ်ခဲ့သော်လည်း ဇူလိုင် ၅ ရက် ည ၁၂ နာရီခန့် အချိန် စုံစမ်းမေးမြန်းမှုများအရ မည်သည့် ပြဿနာမျှ ထပ်မံဖြစ်ပွားခြင်း မရှိကြောင်း သိရသည်။

From...EMG

No comments:

Post a Comment