Saturday 27 July 2013

မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးခွဲခြားမှု ပြဿနာများ ပိုမိုရှုပ်ထွေး နိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရမှ နိုင်ငံသားများအား မေတ္တာရပ်ခံ

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်များသည် လက်ရှိအချိန်တွင် ပြန်လည် တည်ငြိမ်နေ ပြီ ဖြစ်သော်လည်း ပြည်တွင်း၊ ပြည်ပမှ အချို့အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ စွပ်စွဲမှုများက ပြဿနာများ ပိုရှုပ်ထွေးနိုင်သည်ကို သတိထားပြီး ညီညွတ်စွာ နေထိုင်သွားရန် အစိုးရက နိုင်ငံသားများအား ဇူလိုင် ၂၆ ရက်က သတင်း ထုတ်ပြန်ချက် (၁၀/၂၀၁၃) ဖြင့် မေတ္တာရပ်ခံခဲ့သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက် (၁၀/၂၀၁၃)ကို ဇူလိုင် ၂၆ ရက် ညပိုင်းက နိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထား သည်။
၂၀၁၂ ခုနှစ်၊ မေလက ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ရာဇ၀တ်ပြစ်မှုတစ်ခုအပေါ်အခြေခံ၍ လူမှု အသိုက်အ၀န်း နှစ်ခုအကြား ဇွန်လနှင့် အောက်တိုဘာလတို့တွင် ဖြစ်ပျက်ခဲ့သော အကြမ်း ဖက်မှု ဖြစ်စဉ် များသည် နိုင်ငံတစ်ဝန်းရှိ တိုင်းရင်းသား ပြည်သူများအတွက် များစွာ စိတ်မချမ်းမြေ့ ဖွယ်ရာ ဖြစ်စဉ် များ ဖြစ်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် မတ်လတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ ဈေးဝယ်သူချင်း အချင်းများရာ၌ အုပ်စုချင်း အကြမ်းဖက် လုပ်ရပ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်အချို့၌ အကြမ်း ဖက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း ၂၀၁၃ ခုနှစ်၊ မေလတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ တွင်လည်း ဆူပူသည့် ဖြစ်စဉ်တစ်ရပ် ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး လက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် တည်ငြိမ်မှုများ ပြန်လည်ရ ရှိနေပြီ ဖြစ်သော်လည်း ပြည်တွင်း ပြည်ပမှ အချို့အဖွဲ့အစည်းများက မြန်မာနိုင်ငံအတွင်း ဘာသာရေး ခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုများ ပြင်းထန်စွာ ဖြစ်ပွားနေသကဲ့သို့ ပုံဖော်စွပ်စွဲမှုများ ပေါ်ပေါက်လျက် ရှိကြောင်း၊ ထိုသို့သော ပုံဖော်စွပ်စွဲမှုများကြောင့် ပြဿနာများပို ၍ရှုပ်ထွေး သွားစေနိုင်မည်ကို သတိပြုသင့်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည်။
တိုင်းရင်းသား ပြည်သူလူထုများ၊ နိုင်ငံသားများအားလုံး လူမျိုးဘာသာ ခွဲခြားမှုမရှိဘဲ ငြိမ်းချမ်းညီညွတ် စွာဖြင့် သမိုင်းစဉ်တစ်လျှောက် ဂုဏ်သိက္ခာမြင့်မားစွာ နေထိုင်ခဲ့ သည့် ပြည်ထောင် စု မြန်မာနိုင်ငံ၏ အစဉ်အလာကို စောင့်ထိန်းလျက် အနာဂတ်ကာလတွင်လည်း ယင်းသို့ညီညွတ်စွာနေထိုင် သွားရေး ကို ရှေးရှုဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်းနှင့် တစ်ချိန်တည်းမှာ ပင် နိုင်ငံရေး၊ စီးပွားရေး၊ စနစ်သစ်တစ်ရပ်အား အောင်မြင်စွာ တည်ဆောက်နိုင်ရေးကို နိုင်ငံသားတိုင်း၏ အဓိကတာဝန်အဖြစ် ခံယူကြိုးပမ်း ဆောင်ရွက်သွားကြရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်ဟု ဖော်ပြ ထားသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ရှိသကဲ့သို့ အပြန်အလှန် ယုံကြည်လေးစားမှုနှင့် နားလည်စာနာ သည်းခံမှုများ ရှိရန်လည်း လိုအပ်ကြောင်း၊ ထို့ပြင် ဘာသာရေး အစွန်းရောက်သည့် ရန်လိုမုန်းတီးမှုများကို ဆန့်ကျင်တိုက်ဖျက်သွားရန်နှင့် ဘာသာရေး ပဋိပက္ခများ ကြီးထွားအောင် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေသူများကို ၀ိုင်းဝန်းဆန့်ကျင် သွားရန်လည်း လိုအပ်သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
အစိုးရသည် ပဋိပက္ခ ဖြစ်စဉ်များကြောင့် ထိခိုက်နစ်နာခဲ့သူများအား လူမျိုးဘာသာ မခွဲခြားဘဲ အကူ အညီများ ပေးအပ်ခဲ့ကြောင်း၊ ပြန်လည်နေရာ ချထားရေး၊ ပုံမှန်ဘ၀သို့ ပြန်လည် ထူထောင်ရေး ၊ ရေရှည် တည်တံ့ ခိုင်မြဲသော သဟဇာတဖြစ်မှု၊ ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းနိုင်ရေး အတွက် စေတနာရှင် နိုင်ငံ များ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ ၊ ပြည်တွင်း မှ စေတနာရှင် အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသား အားလုံးသည် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်သည့် ဘာသာတို့ကို လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့် ရှိပြီး သမိုင်းစဉ်တစ်လျှောက် မတူညီသော ဘာသာဝင်များအကြား စည်းလုံးညီညွတ်စွာ သဟဇာတဖြစ် စွာ နေထိုင်လျက် ရှိသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

EMG

No comments:

Post a Comment