Wednesday 1 May 2013

နွေရာသီ ကာလ ရေသန့် ရောင်းသူများ အလုပ်ဖြစ်နေ

ယခုလို ပူပြင်းလွန်းသော နွေရာသီတွင် အခြား ရာသီများထက် သောက်ရေသည် ပို၍ လိုအပ်ပါသည်။ ချွေးထွက် များခြင်းကြောင့် လည်းကောင်း၊ ငါးခြောက် ကဲ့သို့သော ငန်သော အစား အစာ များကို စားသောက်ခြင်းကြောင့် ခဏခဏ ရေကို သောက်သုံး ကြရပါသည်။
ယခုအခါ မြို့ရော တောပါ ပြည်သူ အများသည် ကျန်းမာရေး အသိအမြင် ဖွံ့ဖြိုး တိုးတက် လာသည်နှင့် အမျှ လူနေမှု၊ စားသောက်မှု ပုံစံများသည်လည်း ပြောင်းလဲ လာသဖြင့် မြို့ကြီး များသာ မက ကျေးလက် တောရွာများပါ သောက်ရေသန့်ကို ယခင်ကထက် ပိုမို သောက်သုံးလျက် ရှိသည်ကို တွေ့မြင် နေရပါသည်။

ရေစကြိုမြို့တွင်လည်း ကံပွင့် သောက်ရေသန့် စက်ရုံမ တိုက်ရိုက် ကိုယ်စားလှယ် ယူ၍ ပြန်လည် ဖြန့်ဖြူး ရောင်းချနေသူ တစ်ဦးနှင့် အမှတ်မထင် တွေ့ဆုံသဖြင့် မေးမြန်း ကြည့်ရာ ''ကျွန်တော်က ကံပွင့်သောက် ရေသန့်စက်ရုံ စပြီးထုတ်လုပ်တဲ့ အချိန်ကတည်းက ကိုယ်စား လှယ် ဖြန့်ဖြူးရောင်းချ ခဲ့ပါတယ်။ အခု တစ်နှစ်ခွဲ ရှိပါပြီ။ စရောင်း တုန်းကတော့ ၂ဝ လီတာဝင် သောက်ရေသန့်ဘူး ၅ ဘူး၊ ၁ဝ ဘူးလောက်ပဲ ရောင်းရတယ်ဗျ။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့မြို့က ရေပေါတယ်။ ရေကလည်း အဆင့်မီပြီး ကောင်းတယ်၊ တူးသမျှ ရေတွင်း တွေလည်း ရေအောင်တယ်။ ဒီအထဲ ချင်းတွင်းမြစ်ရေကို စည်ပင်သာယာရေး အဖွဲ့က ရပ်ကွက်တိုင်း၊ အိမ်တိုင်းကို နေ့စဉ်ဖြန့်ဝေ ပေးနေတော့ ရေက ပေါတယ်လေ။မြစ်ရေကို ကျောက်ချဉ် တိုက်ပြီး သောက်တဲ့လူက များတယ်၊ အခုကြတော့ တစ်စတစ်စ ပြောင်းလဲ လာတယ်ဗျ၊ မသန့်ရှင်းတဲ့ ရေကို သောက်ရင် ကျန်းမာရေး ပြဿနာ ရှိလာနိုင်တယ် ဆိုတာ သိလာကြတော့ ရေသန့် ဝယ်ယူသောက်သုံး သူတွေက တစ်နေ့တခြား တိုးလာတဲ့ အတွက် အခုဆို တစ်နေ့ ၂ဝ လီတာဘူး ၁ဝဝ၊ ၁၂၅ ဘူးလောက် ရောင်းရပါတယ်။ ရာသီဥတု ပူပြင်း တာကြောင့်လည်း ပိုပြီး ရောင်းကောင်းတယ် ထင်ပါတယ်။

စက်ရုံဈေးက ၂ဝ လီတာ တစ်ဘူး ၄ဝဝ ကျပ်၊ ပြန်ရောင်းတော့ ၅ဝဝ ကျပ်၊ ၁ လီတာ ခြောက်ဘူးပါ တစ်ကတ် ၈၅ဝ ကျပ်ယူ ၉ဝဝ ကျပ်နဲ့ ရောင်းပြီး ခြောက်လီတာ ၁၂ ဘူး တစ်ကတ် ၁၃၂၅ ကျပ်နဲ့ ယူပြီး ၁၅ဝဝ ကျပ်နဲ့ ဖြန့်ပါတယ်။

ဆိုင်မှာတော့ ရေခဲ သေတ္တာနဲ့ အေးထားတဲ့ ၁ လီတာ တစ်ဘူး ၂၅ဝ ကျပ်၊ ခြောက်လီတာ တစ်ဘူး ၁၅ဝ ကျပ်နဲ့ ရောင်းလို့ ဝင်ငွေ ကတော့ မဆိုးပါဘူး၊ မိသားစု စားဝတ်နေရေး အဆင်ပြေ ပါတယ်။ အခုတော့ သုံးဘီး ဆိုင်ကယ်နဲ့ နေ့စဉ်ပို့ နေရကြောင်း ပြောပြသည်။ ယခုအခါ ရေစကြို၌ သောက်ရေသန့် ရောင်းချသူများ အလုပ်ဖြစ် ဝင်ငွေ ကောင်းလျက် ရှိကြောင်း သိရသည်။

http://www.myawady.com.mm/allnews/local/item/12562-2013-05-01-10-56-03

No comments:

Post a Comment