Friday 2 March 2012

လေးစားထိုက်သော ပြည်ထောင်စုသမ္မတနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်၏ အစိုးရသက်တမ်း တစ်နှစ်ပြည့် မိန့်ခွန်း

အစိုးရအဖွဲ့သစ် တာဝန်ယူခြင်း ၁နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်၌ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ထိုသို့ မိန့်ခွန်းပြောကြားရာတွင် ဒီမိုကရေစီဖြစ်ထွန်းရေး၊
... ပြည်တွင်းငြိမ်းချမ်းရေး အစရှိသည့် ကိစ္စများကို အဓိကထား ပြောကြားသွားခဲ့ပြီး ဆောင်ရွက်ပြီးနှင့် ဆက်လက်ဆောင်ရွက်နေဆဲ ကိစ္စများကို အကျဉ်းချုံးတင်ပြခဲ့ခြင်းဖြစ်သည်။                                   နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံရေးလုပ်ငန်းစဉ်အားလုံးတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်အောင် ကြိုစားလုပ်ဆောင်လျက်ရှိပြိး ထိုကဲ့သို့ အားလုံးပါဝင်နိုင်ရန်အတွက် အကျဉ်းသား ၂၈၀၀၀ ကျော်ကို တစ်နှစ်တာအတွင်း လွတ်ငြိမ်းချမ်းသားခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံတော်သမ္မက ပြောကြားပါသည်။
အားလုံးပါဝင်နိုင်ရေးမှာ ခေတ်အဆက်ဆက် တောင်းဆိုခဲ့ကြသည့် အချက်ဖြစ်သည်နှင့်အညီ တိုင်းရင်းသားများ ပါဝင်နိုင်ဖို့မှာလည်း အရေးကြီးကြောင်း၊ တိုင်းရင်းသားအားလုံး တန်းတူရည်တူ ပါဝင်နိုင်ဖို့ မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ဖြစ်ပေါ်ခဲ့သော အထင်အမြင်လွဲမှားမှုများကို ဖယ်ရှားနိုင်ဖို့ အရေးကြီးကြောင်း နိုင်ငံတော် သမ္မတက ပြောကြားပါသည်။
ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့်အနက် ဗမာဆိုသည်မှာလည်း လူမျိုးစုတစ်စုသာဖြစ်သည့်အတွက် အားလုံးသာတူရည်မျှရှိသင့်ကြောင်း၊ တန်းတူရည်တူဖြစ်အောင်နှင့် တိုင်းရင်းသားများ၏ မျှော်မှန်းချက်များ ပြည့်ဝစေရေးမှာ ကျွန်တော်တို့ အစိုးရအဖွဲ့၏ လိုလားချက်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆက်လက်ပြောကြားပါသည်။
တိုင်းရင်းသား ခေါင်ဆောင် တစ်ဦးပြောသည့် စကားကို ပြန်လည်မျှဝေလိုကြောင်း၊ တိုင်းရင်းသားလူငယ်များအနေဖြင့် သေနတ်မကိုင်လိုပဲ လပ်တော့ကိုသာ ကိုင်လိုသည်ဟု ပြောဆိုခဲ့ကြောင်း ထိုစကားရပ်ကို မိမိအနေဖြင့် ခံစားရပါကြောင်း၊ တိုင်းရင်းသားလူငယ်များ သေနတ်မကိုင်ဘဲ လပ်တော့ကိုင်နိုင်ရန် ဖြည့်ဆည့်းပေးဖို့ တာဝန်ရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများ ဆန္ဒပြည့်ဝရေးမှာ သမိုင်းပေးတာဝန်ပင် ဖြစ်ကြောင်း၊ မိမိတို့အစိုးရ လက်ထက်တွင် အောင်မြင်အောင် ဖော်ဆောင်ဖို့ ယုံကြည်ချက်ခိုင်မာအောင် ထားရှိပါကြောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတွင် ယုံကြည်မှုက အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပရိယာယ်မရှိဘဲ ပင်လုံစိတ်ဓါတ်ကို အခြေခံကာ ယုံကြည်မှုဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှလွဲ၍ ထိုးစစ်ရပ်ရန် ညွှန်ကြားထားခဲ့ကြောင်း၊ မိမိညွှန်ကြားခဲ့သည့်အတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလဲ ညွှန်ကြားထားခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများအတွက် မေးခွန်းဖြစ်နေကြောင်း၊ ယနေ့ဖြစ်ပျက်နေသော အဖြစ်အပျက်များကို တစ်ဦးနှင့်တစ်ဦး လက်ညိုးထိုးအပြစ်ပြောရန် မဖြစ်နိုင်ပဲ နိုင်ငံရေးအရ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်ဖို့ ခိုင်မာတဲ့ ကတိကဝတ်တွေ အပြန်အလှန်ထားရှိရန် လိုအပ်ကြောင်း၊ စစ်ဘေးဒဏ်ခံ တိုင်းရင်းသားများကို ပြည်တွင်းပြည်ပမှထောက်ပံ့ရန် မိမိတို့အနေဖြင့် လမ်းဖွင့်ပေးထားပါကြောင်း၊
ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ အချက်၃ချက်ကို အဓိကထားကြောင်း၊ ပထမအချက်မှာ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးရရှိရန်ဖြစ်သည်။ ဒုတိယအချက်မှာ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးရရှိရန်ဖြစ်ကာ တတိယအဆင့်မှာမူ နိုင်ငံတော်အစိုးရ တိုင်းရင်းသားအားလုံးနှင့် နိုင်ငံရေးသမားများအစရှိသည့် political players အားလုံး လွှတ်တော်မှာ သဘောတူညီမှု ရယူပြီး လွှတ်တော်တွင်းမှာပင် ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်ထားကြောင်း၊ ထိုသို့ဖြစ်ပေါ်ရန်အတွက် ကြိုးပမ်းနေပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။
လတ်တလော ပြည်သူများအကြားဖြစ်ပေါ်နေသည့် မိုဘိုင်းဖုန်းကိစ္စနှင့် ပါတ်သတ်၍မူ လောလောဆယ်တွင် တည်ဆောက်ရေးလုပ်ငန်းများ တည်ဆောက်နေပြီး ထိုလုပ်ငန်းများ ပြီးစီးသည်နှင့် ပြည်သူ့ဆန္ဒ သဘောထားများအတိုင်း ဖြစ်ပေါ်ရန် နည်းလမ်းတကျဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့ပါသည်။
အစိုးရဝန်ထမ်းများ လစာတိုးမြင့်ရေးကိစ္စရပ်မှာမူ လတ်တလောအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်၊ အကြွေးအမြီ အနေအထားများကြောင့် အခြေအနေနှင့် အချိန်အခါအလိုက် တိုးမြင့်ပေးသွားမည်ဖြစ်ကြောင်း မိမိတို့အစိုးရ၏ မူလရည်မှန်းချက်မှာ ဝင်ငွေနည်းလူတန်းစားများနှင့် ဆင်းရဲသားလူတန်းစားများ၏ ဘဝတိုးမြင့်ပေးရေးအတွက် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများဖြစ်သည့် မိမိတို့ကြောင့် အပိုကုန်ကျစရိတ်များ ဖြစ်ပေါ်လာမည်ကို မလိုလားကြောင်း၊ လက်ရှိအခြေအနေတွင် နိုင်ငံ့လူဦးရေ၏ ၃.၃ရာခိုင်နှုန်းမှာ အစိုးရဝန်ထမ်းများဖြစ်ကြောင်း၊ ပြည်သူများဖြစ်သည့် ၉၆.၇% ကို ပြန်လည်ငဲ့ကွက်သင့်ကြောင်း၊ လတ်တလောလစာတိုးမည့်သတင်းကြောင့် အရပ်ရပ်တွင် ကုန်ဈေးနှုန်းများမြင့်တက်သွားကြောင်း၊ အစိုးရဝန်ထမ်းမဟုတ်သည့် ၅၈သန်းသော ပြည်သူများ ကိုယ်တိုင်ကိုယ်ကျခံစားနေရသည်ကို စာနာသင့်ကြောင်း၊ လစာ(သို့) ထောက်ပံ့ကြေးတိုးမြင့်သောကိစ္စများကို လက်ရှိအခြေအနေအရ ခြုံငုံသုံးသပ်ပြီး စဉ်းစားသွားမည်ဖြစ်ကြောင်းနှင့် ကျေးလက်နှင့် လယ်သမားများ၊ အခြေခံလူတန်းစားများ ဝင်ငွေကို တိုးတက်မှုရှိအောင် ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထိုကိစ္စရပ်မှာ ပါးစပ်က ပြော၍လွယ်သလောက် လက်တွေ့ဆောင်ရွက်ရန် ခက်ခဲနေသည့် အတွက် ကြိုးပမ်းလုပ်ဆောင်နေလျက်ရှိနေကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီး၏ တစ်နှစ်ပြည့် မိန့်ခွန်း (အပြည့်အစုံ)

No comments:

Post a Comment