Sunday 20 September 2015

ရာသီဥတု အရေး မပူးပေါင်းနိုင်လျှင် ဘေးဖယ်နေဟု ပစိဖိတ် ခေါင်းဆောင်များ သတိပေး


သြစတြေးလျ အနေဖြင့် ပစိဖိတ် နိုင်ငံများ၏ ရာသီဥတုရေးရာ ရပ်တည်ချက်ကို သဘောမတူနိုင်ပါက ပစိဖိတ်ကျွန်း နိုင်ငံများ ဖိုရမ် (PIF) သို့ လာမတက်နှင့်ဟု ပစိဖိတ်နိုင်ငံ ခေါင်းဆောင်များက တစ်ညီတည်း ထုတ်ပြန် သတိပေးလိုက်သည်။
PIF အစည်းအဝေးကို ယခုအပတ်တွင် ပါပူဝါ နယူး ဂီနီနိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ပစိဖိတ်ကျွန်း နိုင်ငံငယ်များသည် ပင်လယ်ရေဖုံးလွှမ်းကာ ဆက်လက် ရပ်တည်ရေးပါ ခြိမ်းခြောက် ခံလာရသောကြောင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးနှင့် ပတ်သက်လျှင် ကျွန်းစုနိုင်ငံများသည် လုံးဝအလျှော့ မပေးစတမ်း ကြိုးပမ်းသွားမည်ဟု ကရီဘတီနိုင်ငံ သမ္မတ အန်နိုတီတန် က ပြောသည်။

PIF အဖွဲ့တွင် အဖွဲ့ဝင် ကျွန်းစု နိုင်ငံ (၁၆) ခု ပါဝင်သည်။ သြစတြေးလျနှင့် နယူးဇီလန် တို့ကဲ့သို့ ကျွန်းနိုင်ငံကြီးများလည်း ပါဝင်သည်။ ထိုနှစ်နိုင်ငံသည် ကျွန်းစုနိုင်ငံကြီး ဖြစ်သောကြောင့် လွယ်လွယ်နှင့် ရေဖုံးမည့် အန္တရာယ် မရှိသဖြင့် ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးကို စိတ်မပါ တပါနှင့် ကပ်တီး ကပ်ဖဲ့ လုပ်နေကြောင်း ကျန်ကျွန်းစု (၁၄) နိုင်ငံက ဝေဖန် ပြောကြားနေကြသည်။
ကျွန်းစု (၁၆) နိုင်ငံသည် ယခုနှစ်ကုန်တွင် ပါရီ၌ ကျင်းပမည့် ကုလရာသီဥတု ပြောင်းလဲမှု ညီလာခံတွင် ၂၁၀၀ ပြည့်နှစ် ရောက်ပါက ကမ္ဘာ့ပျမ်းမျှ အပူချိန်ကို စက်မှု တော်လှန်ရေး ကာလတုန်းကထက် (၁ ဒသမ ၅) ဒီဂရီ စင်တီဂရိတ်ထက် ပိုမများအောင် ထိန်းချုပ်ဖို့ တစ်ညီတည်း တောင်းဆိုသွားဖို့ ပြင်ဆင်လျက် ရှိသည်။
နိုင်ငံရေ လွှမ်းပါက ပြည်သူများကို ရွှေ့ပြောင်းပေးနိုင်ရန် အတွက် ဖီဂျီကျွန်း နိုင်ငံကနေ မြေ၀ယ်ဖို့ ဆွေးနွေးနေရသည့် ကရီဘတီနိုင်ငံ ခေါင်းဆောင် မစ္စတာတန်က ''အခုအရေးဟာ အလျှော့အတင်း လုပ်ပြီး ဆွေးနွေးရမယ့် အချိန် မဟုတ်ပါဘူး။ လူသားချင်း စာနာမှု အကူအညီပေးမယ်ဆိုပြီး ကျွန်တော်တို့ကို မက်လုံး ပေးတာကိုလည်း လက်ခံမှာ မဟုတ်ပါဘူး။ အခုအချိန်မှာ နည်းနည်းလောက် လျှော့ပေးလိုက်တာကိုက သစ္စာဖောက်မှု မြောက်ပါတယ်'' ဟု မစ္စတာတန်က ပြောသည်။
သြစတြေးလျနှင့် နယူးဇီလန်တို့ကို အဖွဲ့ဝင်အဖြစ် ဆက်လက် ခံထားမည် ဆိုပါက PIF အစည်းအဝေး မတက်ဟု ဖီဂျီဝန်ကြီးချုပ် ဗိုရက်ခ်ျ ဘိန်မာရာမာ ကလည်း ခြိမ်းခြောက် ပြောကြားထားသည်။
Source: The Guardian

No comments:

Post a Comment