Sunday 3 May 2015

တပ်မတော်နှင့် ကချင်တပ်မတော် တိုက်ပွဲဖြစ်ခဲ့သည့်နေရာသို့ ကွင်းဆင်းလေ့ လာရန် အစိုးရဘက်မှ ခွင့်ပြုချက်မရသေး

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သော ကချင်ပြည်နယ် ဖားကန့် ဒေသနှင့် တနိုင်းဒေသ သွားရောက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် အစိုးရဘက်မှ ယနေ့ထိ ခွင့်ပြု ချက် မရသေးကြောင်း KIO နှင့် ငြိမ်းချမ်ရေးအကျိုးဆောင်အဖွဲ့ PCG က ပြောသည်။
“မရသေးဘူး။ စောင့်နေတယ်။ ကျနော်တို့ ကေအိုင်အိုအဖွဲ့က စောင့်နေ တုန်းပဲ။ ဘာဖြစ်လို့ ကြာလဲ မသိဘူး။ PCG အဖွဲ့က မေးနေတယ်။ သူတို့ အဆက်အသွယ်လုပ်နေတယ်။ မေးမြန်းနေပါတယ်”ဟု မြစ်ကြီးနားမြို့ KIO နည်းပညာ အထောက်အကူပြုအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါး က ပြောသည်။
တိုက်ပွဲအခြေအနေများ စုံစမ်းစစ်ဆေးရန် KIO ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သောအဖွဲ့ကလည်း ယနေ့ထိ မြစ်ကြီးနားမြို့ KIO ရုံးတွင် စောင့်နေသည်ဟု သူက ပြောသည်။
ဧပြီလ ၃၀ ရက်က အစိုးရ ပဋိ့ပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကို PCG က ဆက်သွယ်မေးမြန်းခဲ့ရာ အဆင်သင့်မဖြစ်သေးသဖြင့် စောင့်နေရသည်ဟု PCG မှ ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။
“ဘာမှ မပြောလာသေးဘူး။ မနေ့က ကျနော်တို့ မေးကြည့်တော့ အထက်ကို တင်ပြထားတာ။ ဘာမှ မပြောလာသေးဘူးလို့ ပြောတယ်။ အဆင်သင့် မဖြစ်သေးလို့ စောင့်နေတယ်”ဟု သူက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်က နှစ်ဖက် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ဝင်များ တွေ့ဆုံ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ရသည့် ဒေသမှ အောက်ခြေ သတင်းအချက်အလက်များ တူညီမှုမရှိဘဲ ကွဲလွဲနေသဖြင့် ယင်းတို့ ကိုယ်တိုင် သွားရောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် သဘောတူ ညီခဲ့ခြင်း ဖြစ်သည်။
ဖားကန့်ဒေသ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ နှင့် တနိုင်းဒေသ တပ်ရင်း ၁၄ ဒေသများသို့ သွားရောက် စစ်ဆေးရန် အစိုးရဘက်မှ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင်က ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးမှတစ်ဆင့် ဌာနချုပ်သို့ တင်ပြထားပြီး ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေရသည်။
အစိုးရ တပ်မတော်က အောက်ခြေမှ အထက်သို့ တင်ပြသော သတင်း အချက်အလက်တွင် အစိုးရတပ်မတော်က တိုက်ခိုက်၍ KIA တပ်စခန်းများကို သိမ်းယူမှုများ ရှိသော်လည်း အထက်သို့ တင်ပြရာတွင် ကွဲ လွဲနေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်က ဖားကန့်ဒေသ KIA တပ်ရင်း ၆ ဒေသတွင် အစိုးရ စစ်တပ်နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့သလို၊ တနိုင်းဒေသ KIA တပ်ရင်း ၁၄ တွင်လည်း ဧပြီလ ၁၉ ရက်မှ ၂၁ ရက်ထိ သုံးရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် KIA ဘက်မှ ရှေ့တန်းစခန်းတစ်ခုကို ဆုတ်ခွာပေး လိုက်ရခြင်း ဖြစ်သည်။
အစိုးရနှင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့သည် ဧပြီလ ၆ ရက် တွေ့စုံစဉ် လာမည့် မေလ ပထမတွင် ပြန်လည် တွေ့ဆုံဆွေးနွေးရန် သဘောတူခဲ့သော် လည်း ဖားကန့်နှင့် တနိုင်းဒေသတွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာသဖြင့် ဧပြီ ၂၇ ရက်မှာ အရေးပေါ် တွေ့ဆုံဆွေးနွေး၍ တိုက်ပွဲ ဖြစ်ပွားရာဒေသသို့ သွားရောက် စုံစမ်းစစ်ဆေးရန် သဘောတူခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment