Saturday 4 October 2014

ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက် ရုံးချိန်းတွင် အစိုးရကို အကြည်ညိုပျက်စေမှုအတွက် ဦးဆန်းဆင့်ဘက်မှ ဆရာတော်သုံးပါး သက်သေခံထွက်ဆို

ဦးဆန်းဆင့်၏ (၂၂) ကြိမ်မြောက်ရုံးချိန်းတွင် ပြစ်မှုပုဒ်မ ၁၂၄(က)အစိုးရအား အကြည်ညိုပျက်စေမှုအတွက် တရားခံပြ သက်သေအဖြစ် သံဃာတော်သုံးပါးအား အောက်တိုဘာ ၃ ရက်တွင် ဒက္ခိဏခရိုင် တရားရုံး၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

“ပုဒ်မ ၁၂၄ (က)မှာ ဦးပညာဇောတ၊ ဦးဝိဇာသနဲ့ ဦးအာဇိန္ဒ ဆရာတော်သုံးပါးပဲ စစ်တယ်။ အားလုံး ရေကြည်က ကိုယ်တော်တွေပဲဖြစ်တယ်။ ပုဒ်မ ၄၀၉ က စာရင်းစစ်ချုပ်က မလာဘူး။ အဲ့ဒါကြောင့် မစစ်ဖြစ်ပါဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားသည်။

ဦးဆန်းဆင့်အား ပြစ်မှုအမှတ် ၄၁/၁၄ ပုဒ်မ ၄၀၉ တွင် လိုပြသက်သေ ၂၈ ဦးတွင် ၁၃ ဦး စစ်ဆေးခဲ့ပြီး ပြစ်မှုအမှတ် ၄၂/၁၄ ပုဒ်မ ၁၂၄(က)တွင် လိုပြသက်သေ ၃၆ ဦး ရှိသည့်အနက် ၁၉ ဦး စစ်ဆေးခဲ့ပြီး စက်တင်ဘာ ၂ ရက် (၁၃) ကြိမ်မြောက်ရုံးချိန်းတွင် ဒက္ခိဏခရိုင် တရားရုံးက ဦးဆန်းဆင့်အား စွဲချက်စတင်ခဲ့ကြောင်း သိရသည်။

ဦးဆန်းဆင့်အား နိုင်ငံတော်မှ စွဲဆိုထားသော ပုဒ်မနှစ်ခုဖြစ်သည့် ပြစ်မှုကြီးအမှတ် ၄၁/၁၄ ပြစ်မှုပုဒ်မ ၄၀၉(ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု)နှင့် ပြစ်မှုကြီးအမှတ် ၄၂/၁၄ ပြစ်မှုပုဒ်မ ၁၂၄(က) (အစိုးရကို အကြည်ညိုပျက်စေမှု)တို့ကို အကြိမ် (၂၀) မြောက်ရုံးချိန်းတွင် နိုင်ငံတော်မှ ဦးဆန်းဆင့်အား စွဲချက်တင်ပြီးနောက် တရားလိုပြသက်သေ ရှစ်ဦးအား စတင်စစ်ဆေးခဲ့ပြီး ယခုရုံးချိန်းတွင် တရားခံပြသက်သေ ငါးဦးအား ထပ်မံစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးဆန်းဆင့်အား နိုင်ငံတော်က စွဲချက်တင်ထားသည့် အမှုနှစ်ခုအား စွဲချက်ပြင်ဆင်မှုအတွက် ယခုလ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ရုံး၌ လက်ခံသင့်၊ မသင့် ကြားနားမှုချိန်းဆိုထားကြောင်း သိရသည်။

ဦးဆန်းဆင့်၏ (၂၃) ကြိမ်မြောက် ရုံးချိန်းအား အောက်တိုဘာ ၇ ရက်တွင် ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment