Sunday 16 March 2014

ဥရောပသမဂ္ဂ ကုန်သွယ်ရေး အကြီးအကဲ မြန်မာသို့ ပထမဆုံး လာရောက်မည်

အရှေ့တောင်အာရှ နိုင်ငံများနှင့် ကုန်သွယ်မှု မြှင့်တင်ရန် ကြိုးပမ်းနေသော ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး ဆိုင်ရာ အကြီးအကဲ (Trade Commissioner) Mr. Karel De Gucht သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်မည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU) က ထုတ်ပြန်သည်။

မတ်လ ၁၇ ရက်နေ့တွင် စတင်မည့် ဥရောပသမဂ္ဂ ကုန်သွယ်ရေး အကြီးအကဲ၏ ခရီးစဉ်တွင် မြန်မာ အပါအဝင် ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့သို့ လေးရက်ကြာ သွားရောက်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စု ဝန်ကြီး အချို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ဥရောပသမဂ္ဂက ဆိုသည်။

ထို့ပြင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်နှင့် တွေ့ဆုံ၍ ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် အတွက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံအား ၁၉၉၇ ခုနှစ်တွင် ပိတ်ပင်ခဲ့သည့် ကုန်သွယ်မှု ဆိုင်ရာ အထူးအခွင့်အရေးကို ၂၀၁၃ ခုနှစ် အတွင်း ပြန်လည် ခွင့်ပြုခဲ့ပြီး အပြန်အလှန် ကုန်သွယ်မှုမှာ ၂၀၁၂ မှ ၂၀၁၃ ခုနှစ်အတွင်း ၄၁ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ အဓိက ပို့ကုန်အဖြစ် အဝတ်အထည်နှင့် ကျောက်မျက်များကို တင်ပို့ခဲ့ကြောင်း ဥရောပသမဂ္ဂ၏ စာရင်းဇယားများ အရ သိရသည်။

ဥရောပသမဂ္ဂ၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သည့် အာဆီယံ နိုင်ငံများနှင့် ကုန်သွယ်ရေး ထပ်မံ တိုးမြှင့်ရန်အတွက် EU က ကြိုးပမ်းနေပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကြောင့် GSP အခွင့်အရေး ပြန်လည် ပေးအပ်ခဲ့သဖြင့် လက်နက်မှအပ ဥရောပသမဂ္ဂ နိုင်ငံများသို့ မြန်မာ့ပို့ကုန် အားလုံးအတွက် အခွန်ကင်းလွတ်ခွင့် ရရှိထားသည်။

The Voice Weekly

No comments:

Post a Comment